မွေးမြူရေးထုတ်ကုန် ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မွေးမြူရေး ကျင့်စဉ်များ ဖြစ်သည့် GAHP ၊ GAQP တို့နှင့်အညီ မွေးမြူနိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံ၏ မွေးမြူရေးလုပ်ငန်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မွေးမြူရေး ထောက်ခံချက်များဖြစ်သည့် GAHP ၊ GAQP တို့နှင့်အညီ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ထုတ်လုပ်သည့် စက်ရုံများသည်လည်း GMP ၊ HACCP လက်မှတ်များရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
“ဈေးကွက်ကလိုအပ်တဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မွေးမြူရေးကျင့်စဉ်တွေဆိုတဲ့ GAHP တို့၊ GAQP တို့နဲ့အညီ မွေးမြူနိုင်အောင်လည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတွေကလည်း GMP တို့၊ HACCP တို့ဆိုတဲ့ လက်မှတ် တွေရရှိမှလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားထားပါတယ်။
ထို့ကြောင့် မွေးမြူရေးတောင်သူများနှင့် မွေးမြူရေးထုတ်ကုန်ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် အထက်ပါအချက်များရရှိရန် ဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွေးမြူနေသည့်တောင်သူများနှင့် ပြုပြင်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းလိုအပ်ချက်များပြည့်မီရန် အပြည့်အဝလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
အလားတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနများရှိ ဓာတ်ခွဲခန်းများသည် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ISO 17025 များ ရရှိထားပြီးဖြစ်ရာ မွေးမြူရေးထွက်ကုန်များကို စစ်ဆေးပေးလျက်ရှိကြောင်း၊ အဆိုပါဓာတ်ခွဲခန်းများသည် မွေးမြူရေး ထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်လည်း ရောဂါပိုးနှင့် ဓာတ်ကြွင်းများကို စစ်ဆေးပေးနိုင်ကြောင်းနှင့် ဆက်လက်၍ ပိုမိုကောင်းမွန်တဲ့စနစ်မျိုး ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
မွေးမြူရေး, အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ, မွေးမြူရေးထုတ်ကုန်ထုတ်လုပ်သည့်စက်ရုံများ,






