[latest_news_marquee]

အနီးစခန်း လေဆိပ်သစ်ဖွင့်လှစ်၍ လေကြောင်းလိုင်းများ စတင်ပျံသန်းပြေးဆွဲပေးနေ

ပြင်ဦးလွင်မြို့၌ အနီးစခန်းလေဆိပ်သစ်ဖွင့်လှစ်၍ ရှမ်းပြည်နယ် အတွင်းရှိ တာချီလိတ်၊ ဟဲဟိုး မြို့များနှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စတဲ့ မြို့များသို့ တိုက်ရိုက်ခရီးစဉ်များကို ဇူလိုင် ၁၁ ရက်မှ စတင်ကာ ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ လေဆိပ်ကို အခြေပြု၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့က အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နေ့များတွင် ပုံမှန်ပျံသန်းပြေးဆွဲရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုအနီးစခန်းလေဆိပ်သစ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့ကာ ဖွင့်ပွဲ၌ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် အထင်ကရဖြစ်ပြီး အေးချမ်းသာယာသည့် ပန်းမြို့တော်ပြင်ဦးလွင်၏ သမိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်းနှင့် အနီးစခန်းလေဆိပ် ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်သာမက ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက်ပါ အရေးပါသည့် ကြိုးပမ်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုနှင့် ပြည်တွင်းလေဆိပ် ၂၈ ခု ရှိကြောင်းနှင့် ယခုဖွင့်လှစ်ခဲ့သည့် အနီးစခန်းလေဆိပ်မှာ ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာနိုင်မှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။


နီးစခန်းလေဆိပ်ကို လေဆိပ်တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၁၀၀,၀၀၀ ဝင်/ထွက် အသုံးပြုနိုင်သည့် အလျား ပေ ၁၂၀ ၊ အနံ ပေ ၈၀ ရှိ steel structure နှစ်ထပ်လေဆိပ် အဆောက်အအုံသစ်ကို တည်ဆောက်ခဲ့ကြောင်း၊ Boeing 737-800 တို့ကဲ့သို လေယာဉ်အမျိုးအစားသုံးစင်း တစ်ပြိုင်တည်း ရပ်နားအသုံးပြုနိုင်စေရန် အလျား ပေ ၆၀၀၊ အနံ ပေ ၅၅၀ အထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာ၊ အလျား ပေ ၃၀၊ အနံ ပေ ၂၀ နှင့် အမြင့် ၅၆ ပေရှိ လေကြောင်းထိန်းမျှော်စင်သစ်တို့ကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ဆင်းသက်မှု အထောက်အကူပြုလမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း လျှပ်စစ်မီးစနစ်များနှင့် လေယာဉ်ရောက်ရှိနေရာပြ လေကြောင်းလမ်းညွှန်စက်များကိုပါ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ လေဆိပ်အား အနာဂတ်တွင် ပိုမိုကြီးမားသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်ဖွံဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လေယာဉ်များ အမြန်ဆင်းသက်ထွက်ခွာနိုင်မည့် ဝင်လမ်း ထွက်လမ်းများ၊ ကုန်စည်တင် လေယာဉ်ရပ်နားနေရာ၊ ကုန်စည်သိုလှောင်ရုံစသည့် အခြေခံအဆောက်အအုံများကိုလည်း အဆင့်ဆင့်ဖြည့်ဆည်းတည်ဆောက်ပြီး အဆင့်မြှင့်တင်သွားရန် လျာထား စီစဉ်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုဖွင့်လှစ်ခဲ့တဲ့ အနီးစခန်းလေဆိပ်သစ်ဟာ ရှမ်းပြည်နယ်ရှိ လေဆိပ်များအပါအဝင် မြန်မာနိုင်ငံအနှံအပြားရှိ လေဆိပ်များနှင့် ကွန်ရက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို အထောက်အကူပြုပြီး ကုန်သွယ်ရေးနှင့် နည်းပညာစီးဆင်းမှုများမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးမည့် လေဆိပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောကြားခဲ့ပါတယ်။

Photos – MOI


Your Ad Here
Ad Size: 336x280 px

More News