ပြင်ပပေါက်ဈေးတွင် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြားပေးဝယ်နေရမှုဟာ ဝိသမ လောဘသားတွေကြောင့်ဖြစ်ပြီး ထိုကိစ္စကို နိုင်ငံတော်မှ စိစစ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးမှ ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းမှာ စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံတော်က သက်သာတဲ့ ဈေးနှုန်းနဲ့ စားအုန်းဆီတွေ ဖြန့်ဖြူးပေနေပေမယ့် ဈေးကွက်ထဲမှာ ဈေးနှုန်းအမြင့်ပေးဝယ်နေရတာတွေရှိနေကြောင်း၊ နိုင်ငံတော်က ဆီတစ်ပိဿာကို ငွေကျပ် ၇၀၀၀ နဲ့ ၉၀၀၀ ကြား ရောင်းပေးနေပေမယ့် ဆီဝယ်ယူခွင့် စာအုပ်နဲ့ မဟုတ်တဲ့ ပြည်သူတွေရဲ့ လက်ထဲကို ရောက်တဲ့အချိန်မှာ စားအုန်းဆီ တစ်ပိဿာဟာ ငွေကျပ် ၁၈,၀၀၀ နဲ့ ၂၀,၀၀၀ ကြားရောက်ရှိနေတာဟာ ဝိသမ လောဘသား တွေကြောင့်ဖြစ်ကြောင်းနှင့် ပြည်သူများမနစ်နာရအောင် ယင်းကိစ္စနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့အပြင် နိုင်ငံတော်အနေနဲ့ စားသုံးဆီဖူလုံရေးကို အလေးထားဆောင်ရွက်လျက်ရှိရာမှာ လက်ရှိ ပြည်သူတွေရဲ့ စားသုံးဆီ လိုအပ်ချက် မပြတ်လပ်စေဖို့နဲ့ ဈေးကွက်တည်ငြိမ်စေဖို့အတွက် နိုင်ငံခြားငွေ အခြေအနေကို ချင့်ချိန်ပြီး စားအုန်းဆီတွေကို ဆက်တိုက် တင်သွင်းပေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ စားသုံးဆီ လုံလောက်စွာရရှိဖို့အတွက် ဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူတွေအတွက် စားသုံးဆီ လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ တစ်လကို စားအုံးဆီ တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်းနေရပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၅၀ ဖြင့် ကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျခံပြီးတော့ တင်သွင်းပေးနေတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ထိုသို့ တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုလည်း သတ်မှတ် ရည်ညွှန်းဈေးနဲ့ ဖြန့်ဖြူးပေးနေပြီး စားသုံးဆီ ဝယ်ယူခွင့် စာအုပ်ရှိတဲ့ ပြည်သူတွေ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေများပြားပြီး ဆီစားသုံးမှုများပြားတာကြောင့် အခြားဒေသတွေထက် ပိုပြီးတော့ ခွဲတမ်းချထားပေးကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် လူတစ်ဦးကို တစ်လလျှင် ၁ ပိဿာ ၂၄ ကျပ်သားနှုန်းနဲ့ ခွဲတမ်းချထားပေးတယ်လို့လည်း ဒေါက်တာခိုင်ခိုင်စိုးကပြောပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှာ မြေပဲ ၊ ပဲပုတ်၊ နှမ်း၊ နေကြာ တွေကနေ ထုတ်လုပ်တဲ့ စားသုံးဆီက တစ်နှစ်ကို တန်ချိန် ၂၈၀,၀၀၀ ခန့်ရှိကြောင်း၊ ၎င်းပမာဏက စားသုံးဆီလိုအပ်ချက်ကို မလုံလောက်သေးတာကြောင့် ပြည်ပကနေ တစ်နှစ်ကို စားအုန်းဆီ တန်ချိန် ၆၄၁,၇၈၃ ခန့်တင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပတင်သွင်းမှုကို ပေါင်းလိုက်လျှင် တစ်နှစ်အတွင်းမှာ စားသုံးဆီ စုစုပေါင်း တန်ချိန် ၉၂၁,၀၀၀ ကျော် ရှိကြောင်း၊ အဆိုပါ ပမာဏဟာ နိုင်ငံလူဦးရေ ၅၁ သန်းနဲ့ တွက်ကြည့်ပါက လူတစ်ယောက်လျှင် တစ်နှစ်ကို စားသုံးဆီ ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေတာကို တွေ့နေရတယ်လို့လည်း သူမက ဆိုခဲ့ပါတယ်။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြံပြုချက်အရ လူတစ်ယောက်ဟာ တစ်ရက်ကို ဆီ ၁ ဒသမ ၈ ကျပ်သား၊ တစ်လကို ၅၄ ကျပ်သားထက် မပိုဘဲ စားသုံးသင့်သလို တစ်နှစ်အတွက်ဆိုလျှင် ၆ ဒသမ ၅ ပိဿာလောက်သာ စားသုံးသင့်သည်ဟု ဆိုထားကြောင်း၊ သို့ပေမယ့် မြန်မာနိုင်ငံမှာတော့ လူတစ်ဦးဟာ တစ်နှစ်ကို ပျမ်းမျှ ၁၁ ပိဿာလောက်စားသုံးနေမှုဟာ လိုတဲ့ ပမာဏထက် ကျော်လွန်ပြီးစားသုံးနေတာဖြစ်ကြောင်းနှင့် ဆီစားသုံးမှု များပြားလာတဲ့အတွက်ကြောင့် နိုင်ငံခြားငွေ သုံးစွဲရမှုလည်း များပြားလာကြောင်း၊ နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီးတော့မှ ချင့်ချိန်ဆောင်ရွက်ရတာကြောင့် ဆီ Quota လျှော့ချမှုတွေလည်း ဖြစ်လာတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ရေရှည်မှာ ပြည်ပတင်သွင်းမှုကို လျှော့ချဖို့အတွက် နိုင်ငံတော်သမ္မတက ဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့ရေး၊ အထွက်နှုန်းမြှင့်တင်ရေးနဲ့ ဆီစက်တွေနဲ့ ဆက်စပ်ပစ္စည်းများ ကို ပြည်ပမှ ဦးစားပေးတင်သွင်းနိုင်ရေး အလေးထားကာလမ်းညွှန်ပေးနေကြောင်းနှင့် အဆိုပါလုပ်ငန်းတွေအောင်မြင်လာမှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမှုဟာ မြင့်မားလာမှာဖြစ်သလို နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။
Photo –MFN






