[latest_news_marquee]

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်းများအား Online မှ ကြိုတင်လျှောက်ထားသည့် စနစ်ဖြင့် ဇူလိုင် ၁၄ ရက်မှာ စတင်လျှောက်ထားနိုင်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို Online မှ ကြိုတင်လျှောက်ထားသည့် စနစ်ဖြင့် ဇူလိုင် ၁၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DEM Online Service Portal  ဝက်ဘ်ဆိုက်တွင် ကြိုတင်ရက်ချိန်းရယူလျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမှတ်စာရင်းများကို ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာ မိမိလျှောက်ထားခဲ့သည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂) နေပြည်တော် (သို့မဟုတ်) မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံးခွဲ၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် DEM Online Service Portal က ထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်ပြသ၍ လာရောက် ထုတ်ယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကြေညာထားပါတယ်။

အမှတ်စာရင်း လာရောက်ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့်လည်း DEM Online Service Portal တွင် လျှောက်ထားပါက မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သို့သော် ကြိုတင်ရက်ချိန်းရယူထားခြင်းမရှိဘဲ လာရောက်ပါက ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ မိမိလာရောက်မည့် နေ့ရက်နှင့် အချိန်ကို မဖြစ်မနေ ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ကြောင်းနှင့် ကြိုတင်ရက်ချိန်းရယူရန်လျှောက်ထားစဉ်က ဖြည့်သွင်းထားသူနှင့် ဖြည့်သွင်းထားသည့် ခုံအမှတ်များအတွက်သာ အမှတ်စာရင်းထုတ်ပေးမည်ဖြစ်သောကြောင့် အချက်အလက်များ ပြည့်စုံမှန်ကန်အောင် ဖြည့်သွင်းရန် ကြိုတင်အသိပေးထားကြောင်းလည်း သိရပါတယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်လ (၂၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူ (၂၅၅,၂၂၈) ဦးအနက် စာမေးပွဲအောင်မြင်သူ (၁၃၃,၆၇၃) ဦးရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း (၅၂ ဒသမ ၃၇ ရာခိုင်နှုန်း) ဖြစ်ကြောင်း၊  ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၃,၃၆၄) ဦးအနက် (၁,၆၇၂) ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၄၉ ဒသမ ၇ ရာခိုင်နှုန်း ) ရှိကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News