ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)ဓာတ်ခွဲခန်းတွင် ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ စက်ရုံ၌ ဝါးအမျိုးမျိုးမှ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်နေမှုကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားမှုကို စနစ်တကျမှတ်တမ်းထားရှိရန်၊ ပျော့ဖတ်များကို စီးပွားရေးတွက်ခြေကိုက်မှုရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို MSME လုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် စက္ကူများချက်လုပ်နိုင်ရေးအတွက် ချက်အိုးများကို ပြည်တွင်း၌ ထုတ်လုပ်နေသဖြင့် လိုအပ်သည့် နည်းပညာများကို ပံ့ပိုးပေးရန်တို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရေနီမြို့ရှိ တန် ၂၀ စက္ကူစက်ရုံမှ ထုပ်ပိုး စက္ကူများ ထုတ်လုပ်ထားရှိမှု၊ ရေတာရှည်မြို့နယ် မြို့လှမြို့ရှိ KKN တစ်ရှူးနှင့် ရွှေဝါးတူလုပ်ငန်း၊ YDE Pulp & Paper Co., Ltd.၏ တန် ၅၀ ကျ စက္ကူ စက်ရုံ၌ စက်ပစ္စည်းများ တပ်ဆင်နေမှု၊ ကျော်မိုးနိုင် မိသားစု၏ တန် ၅၀ ဆန်စက်၌ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာများမှာကြားခဲ့ပြီး MSME လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဝါး, ပျော့ဖတ်ထုတ်လုပ်, စက္ကူ, စက္ကူစက်ရုံ, ရေနီ,






