[latest_news_marquee]

ရန်ကုန်မှာ ၅ နှစ်တာအတွင်း ရိုဘတ်စတာ ကော်ဖီ ဧက ၂၀,၃၉၀ စိုက်ပျိုးရန် လျာထား 

ပြည်တွင်း စျေးကွက်ဝယ်လိုအားကြောင့် တောင်ပေါ်ဒေသအပြင် မြေပြန့်ဒေသများတွင်ပါ ဒေသနှင့်ကိုက်ညီသည့် ကော်ဖီမျိုးစိတ်များကို တိုးချဲ့စိုက်ပျိုးလာရာမှ စျေးကွက်ဝယ်လိုအားကောင်းနေသည့် ရိုဘတ်စတာကော်ဖီကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ၅ နှစ်အစီအစဉ်အဖြစ် ဧက ၂၀,၃၉၀ စိုက်ပျိုးရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

အစီအစဉ်အရ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ လျာထားပြီး တိုက်ကြီးမြို့နယ်၌ ကော်ဖီ ၅,၇၀၉ ဧက၊ လှည်းကူးမြို့နယ်၌ ၁၀,၁၉၅ ဧက၊ မှော်ဘီမြို့နယ်၌ ၂,၀၃၉ ဧက၊ တွံတေးမြို့နယ်၌ ၈၁၆ ဧက၊ ကော့မှူးမြို့နယ်၌ ၁,၂၂၃ ဧကနှင့် ကွမ်းခြံကုန်းမြို့နယ်၌ ၄၀၈ ဧကဖြင့် စိုက်ပျိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ရိုဘတ်စတာကော်ဖီမျိုးစိတ်ကို တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ဧက ၁၀၀၀ တွင် သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး အဆိုပါခရိုင်နှင့် မြို့နယ်တို့ရှိ ရော်ဘာမြေနှင့် သစ်တောမြေတို့၌ ဇွန်လပိုင်းအထိ ၇၇ ဒသမ ၅၀ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။

“ကော်ဖီဟာ ကမ္ဘာမှာ သောက်သုံးမှုများလာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့နိုင်ငံအလိုက် နိုင်ငံခြားငွေရတဲ့အပြင် နှစ်စဉ် ဝယ်လိုအားကောင်းတဲ့ သီးနှံဖြစ်တာကြောင့် အာဆီယံနိုင်ငံတွေမှာ စပါးနည်းတူ စိုက်ပျိုးလာကြပါပြီ။ မြန်မာ့ကော်ဖီဟာ နာမည်ရနေပြီဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ နှစ်ရှည်သီးနှံပင်တွေကြားမှာ စမ်းသပ်စိုက်ပျိုးအောင်မြင်မှုအပေါ် ငါးနှစ်တာလျာထားမှုနဲ့အညီ စိုက်ပျိုးနေပါတယ်။ အခုမိုးရာသီမှာ ဇွန်လထိ ကော်ဖီ ၇၇ ဧကကျော် စိုက်ပျိုးပြီးပါပြီ” လို့ ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကော်ဖီသီးနှံဟာ နှစ်ရှည်သီးနှံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုကနေ တိုင်းဒေသကြီးအတွက် မကြာမီ အကျိုးကျေးဇူး ခံစားရမှာဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် ၆ ခု၌ ရော်ဘာ၊ သီဟိုဠ်၊ မန်ဂျန်ရှားစိုက်ခင်း ၄၈,၇၀၇ ဧကတွင် ရိုဘတ်စတာကော်ဖီ ဧက ၂၀,၃၉၀ ကို နှစ်အလိုက် လျာထားချက်နှင့်အညီ စိုက်ပျိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရနှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း ကော်ဖီကိုစိတ်ဝင်စားသည့် တောင်သူများထံ ပျိုးပင် ၃၃,၂၀၀ နှင့် မျိုးစေ့ ၄၅ ကီလိုဂရမ်ကိုဖြန့်ဝေပေးခဲ့ကာ စီးပွားဖြစ်စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များကို ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။

စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအပြင် စျေးကွက်ဝင်ကော်ဖီကို နှစ်ရှည်သီးနှံစိုက် တောင်သူများမှ စိတ်ဝင်တစားစိုက်ပျိုးလာကြပြီး ပြည်ပပို့ကုန်ဆန်ကဲ့သို့ ကော်ဖီထုတ်လုပ်တင်ပို့မှုမှ ဝင်ငွေတိုးမြှင့်ရရှိလာမည့် စိုက်ပျိုးရေးထွက်ကုန်အဖြစ် တောင်သူများက မျှော်လင့်ထားကြောင်းသိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News