[latest_news_marquee]

နေပြည်တော်၊ ရန်ကုန်မြို့အပါအဝင် နိုင်ငံတကာ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ မော်စကိုမြို့တို့အကြား သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာ လက်မှတ်ရေးထိုး

(၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး – ၂၀၂၆ (5th Anniversary International Transport Summit-2026) ဖွင့်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိThe Carlton Hotel Ballroom တွင် ကျင်းပလျက်ရှိပြီး ဖွင့်ပွဲနေ့တွင်ပင် မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်မြို့အပါအဝင် နိုင်ငံတကာမှ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တို့အကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ အစည်းအဝေးကို ဩဂုတ် ၂ ရက်နေ့က စတင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံအနေဖြင့်  နေပြည်တော်ကိုယ်စားပြု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်သူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အစိုးရ ဒုတိယမြို့တော်ဝန်၊ မော်စကိုအစိုးရ၏ သယ်ယူပို့ဆောင်ရေးနှင့် လမ်းအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲ မစ္စတာ မက်စင်မ်လစ်ကဆူတော့ တို့နှင့် သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ Visakhapatnam မြို့၊ ဂါနာနိုင်ငံ Accra မြို့၊ Turkiye နိုင်ငံ Ankara မြို့၊ Brazil နိုင်ငံ Belo Horizonte မြို့၊ Curitiba မြို့၊ Fortaleza မြို့၊ Goiania မြို့၊ Montes Claros မြို့၊ Porto Alegre မြို့၊ Lebanese နိုင်ငံ Beirut မြို့၊ Serbia နိုင်ငံ Belgrade မြို့၊ Sri Lanka နိုင်ငံ Colombo မြို့၊ Tanzania နိုင်ငံ Dar es Salaam မြို့၊ Nicaragua နိုင်ငံ Managua မြို့၊ Uruguay နိုင်ငံ Montevideo မြို့၊ Ecuador နိုင်ငံ Quito မြို့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Vladivostok မြို့ စသည်မြို့များနှင့်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တို့အကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လျှောက်ထားလွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေး ထိပ်သီးအစည်းအဝေး-၂၀၂၆ ကို ဩဂုတ်လ ၂ ရက်မှ ၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ယင်းထိပ်သီးအစည်းအဝေးသည် မိတ်ဖက်မြို့ပြများအကြား သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီဆန်းသစ်ရေးနှင့် ဒီဂျစ်တယ် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများတွင် အဆင့်မြင့်ကျွမ်းကျင်မှုများကို အပြန်အလှန်မျှဝေရန်၊ မြို့ပြသယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတက်ကောင်းမွန်ရေးနှင့် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် မဟာဗျူဟာများကို ဖော်ဆောင်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

သယ်ယူပို့ဆောင်ရေး ရုရှား_မြန်မာ, 5thAnniversaryInternationalTransportSummit2026, ပူးပေါင်းဆောင်ရွက်မှု, လျှောက်ထားလွှာ, လက်မှတ်ရေးထိုး,

Your Ad Here
Ad Size: 336x280 px

More News