ယခု ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ရန် အစီအမံများအား ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။
ထိုသို့ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိရစ္ဆာန်ကောင်ရေစာရင်းဟာ လယ်ယာစိုက်ပျိုးရေးနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံမှုကို များစွာအထောက်အကူပြုသည့်အတွက် စာရင်းဇယားမှန်ကန်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီစာရင်းဇယား ကောက်ယူပြီးစီးနိုင်ရေး အားလုံးကြိုးစားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး ကော်မတီအလိုက် လုပ်ငန်းတာဝန်များ၊ ကောက်ယူမည့် စာရင်းပုံစံများနှင့် တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူသွားမည့် အစီအမံများအား ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၌ ရှေ့ပြေးတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာဖြစ်သလို လက်ရှိ၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် အသုံးပြုရမည့် ပုံစံများရရှိပြီဖြစ်၍ စာရင်းကောက်ယူရေး နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း သိရပါတယ်။
တိရစ္ဆာန်ကောင်ရေစာရင်း, စာရင်းကောက်ယူ, ပဲခူးတိုင်း,






