[latest_news_marquee]

ဧရာဝတီတိုင်းအတွင်း ရေကြီးနစ်မြုပ်သော စပါးခင်းများ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီမည်ဟု MRF ဆို

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသော ဆန်စပါးစိုက်ပျိုးသည့် နေရာဒေသများတွင် ရေကြီးနစ်မြုပ်သော စပါးခင်းများ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation-MRF) မှ သိရပါတယ်။

အဆိုပါ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧကမှာ ၃ ဒသမ ၇ သန်း စိုက်ပျိုးထားခြင်းဖြစ်ပြီး ရေနစ်မြုပ်မှုဟာ  သုည ဒသမ  ၃၁ ရာခိုင်နှုန်းဝန်းကျင်ဖြစ်တယ်လို့ MRF ၏ ထုတ်ပြန်မှုစာရင်းအရ သိရပါတယ်။

ထို့ကြောင့် ရေကြီးနစ်မြုပ်သော နေရာများတွင် ရေပြန်လည်ကျဆင်းမှု အခြေအနေပေါ်မူတည်ပြီး ထိခိုက်ပျက်စီးမှု အနည်း/ အများ ပေါ်ပေါက်နိုင်သဖြင့် ရေပြန်ကျသည့် အခြေအနေအပေါ် စဉ်ဆက်မပြတ် သုံးသပ်ရေး၊ ရေပြန်ကျသော နေရာများတွင် အထွက်နှုန်း မလျော့စေရန်အတွက် ပံ့ပိုးပစ္စည်းများအဖြစ် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ သွင်းအားစုများ ကြိုတင်စုဆောင်းထားရှိရေး၊ စနစ်တကျ ဖြန့်ဖြူးရေးကိစ္စရပ်များ၊ ပျက်စီးသွားသည့် လယ်ဧကများအတွက် အချိန်ကာလမှီပါက သက်တမ်းတိုစပါးများ စိုက်ပျိုးနိုင်ရေး၊ မြေကွက်လပ်များတွင် ပျိုးကြိုတင်ထောင်ထားနိုင်ရေး၊ ပျိုးဗန်းများ၊ ပျိုးဘောင်များ အသုံးပြု ပျိုးထောင်ခြင်း၊ ရေကျသည်နှင့် ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို ကြိုတင်စုစည်းထားရှိခြင်း၊ စိုက်ပျိုး၍ အဆင်မပြေပါက ကြဲခင်းများ၊ Seeder များဖြင့် စိုက်ပျိုးနိုင်ရေး၊ စပါးစိုက်ပျိုးရန် အချိန်မမီပါက ဆောင်းသီးနှံများအဖြစ် မတ်ပဲ၊ ပဲပုတ် စသည်တို့ကို အချိန်မီ စိုက်ပျိုးရေးအတွက် မျိုးများ ကြိုတင် စုဆောင်းထားရှိနိုင်ရေးတို့ကို ဩဂုတ်လ ၂ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ် ဦးစီးမှူးများ၊ MRF ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဒေသကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ Virtual Meeting ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

ထို့အပြင် အချို့သော ရေနစ်မြုပ်ဒေသများဟာ ရေကျဆင်းပြီး ပြန်ပေါ်လာသောကြောင့် အထွက်နှုန်း မလျော့ကျ စေရန်သာ ကူညီလုပ်ဆောင်ရန်၊ ရေပြန်ကျဆင်းချိန် ကြာမြင့်၍ ထိခိုက်ပျက်စီးသော နေရာအချို့တွင်သာ စပါးပြန်စိုက်ခြင်း (သို့မဟုတ်) အခြားသီးနှံစိုက်ပျိုးခြင်းအတွက် ကူညီထောက်ပံ့ပေးရန်၊ ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်သော နေရာဒေသများတွင် MRF နှင့် အသင်းဝင်ကုမ္ပဏီများ အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရန် စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်မြုပ်စပါးခင်း, သဘာဝဘေး, စပါးခင်းများပြန်လည်ထူထောင်,  MRF, Rice, 

Your Ad Here
Ad Size: 336x280 px

More News