[latest_news_marquee]

ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ် သိမ်းဆည်းမြေများမှ တောင်သူ ၁၁ ဦးအားလျော်ကြေးငွေ ပေးအပ်ရန်ဆောင်ရွက်နေပြီး ကျန် ၁၉၃ ဦးကို ကော်မတီအဆင့်ဆင့်မှ စိစစ်နေ

ရန်ကုန်မြို့ ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ် သိမ်းဆည်းမြေများမှ လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူလယ်သမား ၂၀၄ ဦးအနက် ၁၁ ဦးအား လျော်ကြေးငွေ ပေးအပ်ရန် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် ၁၉၃ ဦးနှင့်စပ်လျဉ်း၍လည်း မူဝါဒများနဲ့အညီ ကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး ဇူလိုင် ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးကျော်ကျော်လတ်၏ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ သိမ်းဆည်းခံလယ်ယာမြေနှင့် ပတ်သက်ပြီး ပေးလျော်ရန် ကျန်ရှိနေသေးသော လယ်သမား ၂၀၀ ခန့်အတွက် လျော်ကြေးနစ်နာကြေးရရှိနိုင်မှုအခြေအနေအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက ဖြေကြားခဲ့တာဖြစ်ပါတယ်။

“လယ်ယာမြေလျော်ကြေးပေးဖို့ ကျန်ရှိတဲ့ တောင်သူလယ်သမား ၂၀၄ ဦးနဲ့ စပ်လျဉ်းပြီး လျော်ကြေးပေးအပ်ဖို့ ကျန်တဲ့ အမှုတွဲ ၃၂ တွဲ စာရင်း၌ တောင်သူ ၁၁ ဦးရဲ့ မြေဧရိယာ ၁၃၉ ဒသမ ၇၇ ဧက ပါဝင်ပါတယ်။ ဆက်လက်ပြီး ကျန်ရှိတဲ့ တောင်သူ ၁၉၃ ဦးနဲ့စပ်လျဉ်းပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်တို့မှ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားခဲ့ပါတယ်။

ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ သိမ်းဆည်းခံမြေ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်း သတ်မှတ်၍ လျော်ကြေးပေးအပ်ခဲ့ကာ ကျန်ရှိသည့်တောင်သူများကိုလည်း ၎င်းတို့၏ တင်ပြမှုများအပေါ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ ၅၂ ချက်နှင့်အညီ ကိုက်ညီမှုရှိသော တောင်သူများအား လျော်ကြေးပေးအပ်နိုင်ရေးအတွက် အထောက်အထားများ စိစစ်ဆောင်ရွက်လျက်ရှိပြီး အထောက်အထားမတင်ပြနိုင်သူများ၊ မူလပိုင်ရှင်မဟုတ်သူများ၊ ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိသူများ၊ မူဝါဒနှင့် ကိုက်ညီမှုမရှိသည့် အမှုတွဲများအား အမှုပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။ 

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News