[latest_news_marquee]

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဓါတ်တိုင်ပေါ်မှ အိမ်သုံးမီတာများ အဆောက်အဦ ဥပစာနှင့် တိုက်ခန်းလှေကားခွင်သို့ ပြောင်းရွှေ့နေ

ဓာတ်အား ပျောက်ဆုံးမှုလျှော့ချရေး စီမံချက်အရ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ အိမ်သုံးမီတာများကို ဓါတ်တိုင်ပေါ်မှ မီးသုံးသူ အဆောက်အဦ ဥပစာနှင့် တိုက်ခန်းလှေကားခွင်သို့ ပြောင်းရွှေ့ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

ယင်းကဲ့သို့ မီတာများ ရွှေ့ပြောင်းတပ်ဆင်တဲ့အခါ Smart Digital Meter အသစ်များပါ တစ်ပါတည်း လဲလှယ်ပေးသွားမယ်လို့ သိရပြီး ဓါတ်တိုင်ပေါ်မှ မီတာများကို ယခုလို ရွှေ့ပြောင်းတပ်ဆင်ခြင်းအားဖြင့် မီတာယူနစ်ကို လျှပ်စစ်ဓါတ်အား သုံးစွဲသူကိုယ်တိုင် မျက်မြင်ဖတ်ရှုနိုင်ခြင်း၊ ယူနစ် မှန်မမှန် ပြန်လည်စစ်ဆေး သိရှိနိုင်ခြင်း၊ မီတာယူနစ်ကို သုံးစွဲသူကိုယ်တိုင် ဖတ်ရှုကာ ရုံးချုပ် ကွန်ပျူတာစနစ်သို့ ပေးပို့နိုင်ခြင်း၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ခြင်း၊ အငြင်းပွားမှုများ လျှော့ချနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပြီး ရပ်ကွက်နေပြည်သူများကလည်း နှစ်သက်လက်ခံမှုရှိကြောင်း  ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ သိရပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပျောက်ဆုံးမှု အများဆုံး ၅ မြို့နယ်တွင် အပါအဝင်ဖြစ်တဲ့ သာကေတမြို့နယ် ရပ်ကွက် ၁၉ ခုတွင် ဓာတ်တိုင်ပေါ်ရှိ မီတာများကို မီးသုံးသူ ဥပစာ တိုက်လှေကားခွင်များသို့ ပြောင်းရွှေ့တပ်ဆင်တဲ့ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး ယင်းမြို့နယ်တွင် ဓာတ်တိုင်အောက်သို့ ရွှေ့ပြောင်းတပ်ဆင်ရမည့် အိမ်သုံးမီတာ ၄,၅၄၇ လုံး ရှိတဲ့အနက် ဇူလိုင်လ ၁၆ ရက်မှ ၃၀ ရက်အထိ ၁,၂၂၉ လုံးကို ပြောင်းရွှေ့တပ်ဆင်ပြီးစီးပြီဖြစ်ကာ ဩဂုတ်လ ၃၁ ရက်တွင် လုပ်ငန်းများအားလုံး အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ ပြောင်းရွှေ့တပ်ဆင်ရမယ့် အခြေအနေများနဲ့ ပတ်သက်လို့ မြို့နယ်အချို့တွင်လည်း အသိပေးမှုများရှိနေပြီး မီတာပြောင်းရွှေ့ရမယ့်အတွက် ပြည်သူအများစုကတော့ မိမိတို့၏ မီတာယူနစ်များကို ကိုယ်တိုင်ကြည့်ရှုနိုင်မယ့် အခြေအနေကို ပိုမိုသဘောတွေ့တယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအပိုင်း၌ နေ့စဉ်ပို့လွှတ်သည့် ဓာတ်အားပမာဏ၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော ၁၀ ဒသမ ၇ ယူနစ်သန်းခန့် ဆုံးရှုံးလျက်ရှိပြီး နိုင်ငံ အနေဖြင့် ပျမ်းမျှငွေကျပ်သန်းပေါင်း ၂၇၅၀ ကျော် နေ့စဉ်ဆုံးရှုံးလျက်ရှိပြီး လျှပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံ (Infrastructure) များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲလိုသူ ပြည်သူများအနေဖြင့်လည်း သုံးစွဲနိုင်မှုအခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိတယ်လို့ သိရပါတယ်။

ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo- MRTV

Your Ad Here
Ad Size: 336x280 px

More News