လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဟင်္သာတခရိုင် လျှပ်စစ်နှင့် လေးမျက်နှာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မီတာဘောက် ၂၆၃ လုံး ဖြုတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဟင်္သာတခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေမြင့်တက်ပြီး အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းမှုများကြောင့် တာတမံနိမ့်ကျမှုများ ဖြစ်ပွားကာ ရေကျော်စီးဝင်မှုများ ဖြစ်ပွားခဲ့တာကြောင့် မြို့နယ်အတွင်း ရေဝင်နေသည့် အိမ်များရှိ မီတာဘောက်များ ဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ဟင်္သာတခရိုင်နှင့် လေးမျက်နှာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဟင်္သာတခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိတော့ စာရင်းကောက်ယူမှုအရ မီတာ အလုံး ၆၀၀ လောက်တော့ ရေမြုပ်မယ်လို့တော့ ယူဆရပါတယ်။ အသေးစိတ်ကိုတော့ ကောက်ယူဆဲ ဖြစ်ပါတယ်။ ရေပြန်ကျတဲ့အခါမှာဆိုလို့ရှိရင် လျှပ်စစ် အမြန်ပြန်လည်ရရှိဖို့အတွက်ဆိုရင် ဝန်ထမ်းတွေ အကုန်လုံး စုဖွဲ့ထားပြီးပါပြီ။ အမြန်ရရှိဖို့အတွက်လည်း အစီအစဉ်ချထားတာလည်း ရှိပါတယ်။ အမြန်ဆုံး ဓာတ်အားပြန်လည်ပေးနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။
လေးမျက်နှာမြို့နယ်တွင် မီးသုံးစွဲသူ ၅,၀၀၀ ကျော်ရှိကာ အချို့ ရေမနစ်မြုပ်တဲ့ မီတာများလည်း ရှိတာကြောင့် ဌာနအနေဖြင့် ဖြုတ်လို့ရသလောက် ဖြုတ်သိမ်းနေတယ်လို့လည်း သိရပါတယ်။
ငဝန်မြစ်ရေဝင်ရောက်မှုများကြောင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကွပ်ကဲရေးရုံးများမှာ မီးစက်များထားရှိကာ လျှပ်စစ်ပစ္စည်းနှင့် ဖုန်းများအားသွင်းနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။ ၎င်းက ဆက်လက်ပြီး “ဒီလေးမျက်နှာဆိုလို့ရှိရင် ဟင်္သာတဓာတ်အားခွဲရုံကနေပြီးတော့ 11kV ဓာတ်အားလိုင်းနဲ့ ဓာတ်အားပေးထားပါတယ်။ ဒါ့အပြင် လေးမျက်နှာမြို့နယ် စက်ရေးကင်းကျေးရွာမှာ ရေဘေးကယ်ဆယ်ရေးစခန်း ရှိပါတယ်။ အဲဒီမှာဆိုလို့ရှိရင် လျှပ်စစ်ဓာတ်အား ရရှိဖို့အတွက် မီးစက်ချထားပေးပြီးတော့ လုပ်ပေးထားပါတယ်။ ပြီးလို့ရှိရင် အရေးပေါ် ဖုန်းအားသွင်းဖို့အတွက် မီးပလပ်ပေါက် ၇၂ ခုကိုလည်း စီစဉ်ပေးထားပါတယ်။ ဒါလက်ရှိအခြေအနေပါ”လို့ ပြောကြားထားပါတယ်။
Photo- MRTV






