[latest_news_marquee]

နှစ်နိုင်ငံ စီးပွားရေးအရ ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်သည့် အခွင့်အလမ်းများလည်းရှိနေဟု နိုင်ငံတော် သမ္မတပြောကြား၊ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် တွန်းအားပေး သွားမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးအရ ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်သည့် အခွင့်အလမ်းများလည်းရှိနေကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပြီး ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် တွန်းအားပေးသွားမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၆ ရက်နေ့က ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၌ ထိုင်းနိုင်ငံ စံတော်ချိန် မွန်းလွဲပိုင်းမှာ ပြုလုပ်တဲ့ “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” ၌ နှစ်နိုင်ငံ ခေါင်းဆောင်များက မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”သို့  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာ သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊  နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က “ယနေ့တွင်  မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူတို့၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးခဲ့ပြီး ကောင်းမွန်သည့်ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ထိုင်းနိုင်ငံက နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာပူးတွဲကော်မတီ (Joint Trade Committee) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ကို  အခြေခံထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍသစ်ကို အတူတကွလျှောက်လှမ်းရန် အသင့်ဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အရေးပါသော စီးပွားရေးမိတ်ဖက် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဆက်လက်တိုးတက်နိုင်သည့် အလားအလာများစွာ ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်နှင့်အညီ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်နေကြပြီး ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်သည့် အခွင့်အလမ်းများလည်း ရှိနေကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျပြီး အရေးပါဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် အထည်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ အဓိကတင်ပို့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုများ ထွန်းကားသည့် အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ပို့ဆောင်ဆက်သွယ်ချိတ်ဆက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးသည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်တာကြောင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း စသည့် နယ်စပ်ဒေသများတွင် နယ်စပ် စီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှု  (Bilateral Trade) ပမာဏဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏  ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ပြီး ယခုနှစ် ဇွန်လအထိဆိုပါက နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့တယ်လို့လည်း အဆိုပါ ဖိုရမ်မှ သိရပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ (၄,၆၀၅ ဒသမ ၄၈၄ )သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၃ ခု ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် လူသုံးကုန် ပစ္စည်းများစသည့် အဓိကကဏ္ဍကြီးများတွင် အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားလုံး၏ ၆ ဒသမ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်း)ဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတယ်လို့လည်း ယင်းဖိုရမ်မှ သိရပါတယ်။

Photos- PPIB

Your Ad Here
Ad Size: 336x280 px

More News