စိုက်ပျိုးရေးဆေးဆိုင်များ၊ စိုက်ပျိုးရေးသီးနှံ အရောင်းဆိုင်များအား တရားမဝင်ပြောင်းမျိုးစေ့များထုတ်လုပ်ဖြန့်ဖြူး တင်သွင်း ရောင်းချခြင်း ရှိ/မရှိကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိနေတယ်လို့ အဆိုပါ ဌာနမှ သိရပါတယ်။
“စစ်ဆေးခြင်းကို ယခုလ ပထမအပတ်မှစပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ နယ်စပ်ဒေသ အသီးသီးကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်း စံချိန်စံညွှန်း စစ်ဆေးထားခြင်းမရှိတဲ့ ပြောင်းမျိုးစေ့များ တရားမဝင်အမြောက်အမြားဝင်ရောက်လျက်ရှိနေတာမို့ ပြည်ပမှ တရားမဝင်ပို့ကုန်တင်သွင်းနေတဲ့ ပြောင်းမျိုးစေ့များ ရောင်းချမှု မရှိစေဖို့ စစ်ဆေးနေတာဖြစ်ပါတယ်” လို့ အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထိုသို့စစ်ဆေးရခြင်းမှာ တရားမဝင်ဝင်ရောက်လာသောမျိုးစေ့များမှတစ်ဆင့် ပါလာနိုင်သည့် ဖျက်ပိုးအသစ်များနှင့် အပင်ရောဂါအသစ်များ ပြည်တွင်းသို့ ကူးစက်ပြန့်ပွားလာကာ စိုက်ခင်းများပျက်စီးဆုံးရှုံးခြင်းမရှိစေရန်၊ တရားဝင်အခွန် အခပေးဆောင်စေ၍ ဥပဒေနှင့်အညီ တင်သွင်းနေသည့် ပြည်တွင်းမျိုးစေ့လုပ်ငန်းများနှင့် မျိုးစေ့ကဏ္ဍတစ်ခုလုံး၏ ရေရှည်ရပ်တည်မှုကိုပါ ကြီးမားစွာသက်ရောက်မှုရှိသဖြင့် ပြည်ပမှ တရားမဝင် ဝင်ရောက်နေသော ပြောင်းမျိုးစေ့များအား ထိရောက်စွာတားမြစ်နိုင်ရန်၊ မျိုးစေ့ဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်နိုင်ရန် စသည့်အချက်များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းလည်း ၎င်းထံမှ သိရပါတယ်။
ထိုသို့ တရားမဝင် ပြောင်းမျိုးစေ့များ တင်သွင်းရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စသည့်ဌာနများမှ ဝန်ထမ်းများက လိုက်လံ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
တရားမဝင်ပြောင်းမျိုးစေ့, ထုတ်လုပ်ဖြန့်ဖြူး, တင်သွင်း, စိုက်ပျိုးရေး,






