မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုရပ်ကွက်တွင် အိုးပုတ်ပွဲတော်ကို လာမည့် သြဂုတ် ၂၀ ရက်နှင့် သြဂုတ် ၂၁ ရက် (ဝါခေါင်လဆန်း ၇ ရက် နှင့် ဝါခေါင်လဆန်း ၈ ရက်) တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အိုးပုတ်ပွဲတော် ကျင်းပရေးကော်မတီမှ သိရပါတယ်။
မန္တလေးမြို့၏ အထင်ကရ ဒေသဓလေ့ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို ယခင်နှစ်များက ဝါခေါင်လဆန်း ၈ ရက် တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှ စတင်ကာ ဝါခေါင်လဆန်း ၇ ရက်နှင့် ၈ ရက်တို့တွင် နှစ်ရက်ကြာတိုးမြှင့် ကျင်းပရန် စီစဉ်ထားကြောင်း သိရပါတယ်။

“ဒီပွဲတော်က တောင်ပြုန်းကြိုပွဲ ဆိုပြီးတော့လဲ လူသိများပါတယ်။ တောင်ပြုန်းပွဲတော်ကိုသွားမယ့် ဈေးသည်တွေ တစ်ထောက်နား ဈေးရောင်းတဲ့ပွဲလဲ ဖြစ်ပါတယ်။ အိုးပုတ်ပွဲတော်ကို ကျင်းပခဲ့တာကြာပါပြီ။ အရင်ကတော့ တစ်ရက်ထဲ ပွဲကျင်းပခဲ့တာပါ။ ဒီနှစ်မှာတော့ ဈေးသည်၊ ဈေးဝယ်တွေ တောင်းဆိုချက်အရ နှစ်ရက် ကျင်းပမှာပါ”လို့ အိုးပုတ်ပွဲတော် ကျင်းပရေး ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောကြားထားပါတယ်။
အိုးပုတ်ပွဲတော်ကို အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း အနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် အိုးပုတ်ပွဲတော်ကို လူသိများကာ စိတ်ဝင်စားမှု မြင့်တက်လာသဖြင့် ပွဲတော်ကျင်းပရက်ကို ယခုလို တိုးချဲ့ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အိုးပုတ်ပွဲတော်, မန္တလေး, ပျော်ပွဲရွှင်ပွဲ, အိုးပုတ်ရောင်းပွဲတော်ပွဲ,






