မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်/ဆိုင်း ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဇူလိုင် ၂၀ ရက်နေ့မှာကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ အစီအစဉ်မှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အာမခံစနစ်ဟာ ပြည်သူများရဲ့ စီးပွားရေးလုံခြုံမှုနှင့် ရပိုင်ခွင့်များကို အာမခံပေးတဲ့ အရေးကြီးသောစနစ်တစ်ခုဖြစ်ပြီး ကုမ္ပဏီတစ်ခု ရပ်ဆိုင်းသွားပါက (သို့မဟုတ်) ထွက်ခွာသွားပါက ပေးသွင်းထားပြီးသော အာမခံများအား ဆုံးရှုံးနိုင်ပြီး လျော်ကြေးမရနိုင်ခြင်းစတဲ့ အန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်ခင်ဆွေမှ ဇူလိုင် ၁၇ ရက်နေ့မှာကျင်းပခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့၌ ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့ အဆိုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်က နိုင်ငံခြားကုမ္ပဏီ ၅ ခုကို ခွင့်ပြုပေးခဲ့ကာ မြန်မာ့အာမခံလုပ်ငန်းဌာနက ဦးစီးပြီး အာမခံလုပ်ငန်းနှင့် ပတ်သက်သော သင်တန်းများဖွင့်လှစ်၍ စာမေးပွဲ စစ်ဆေးကာ အောင်မြင်သူများကိုသာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်းနှင့် ထိုသို့ လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ ကုမ္ပဏီအားလုံးမှာ အသက်အာမခံ၊ အိမ်၊ ကား အာမခံ၊ ကျန်းမာရေးနှင့် ရုတ်တရတ်အာမခံ၊ စီးပွားရေးလုပ်ငန်းအာမခံ၊ Cyber အာမခံ၊ သင်္ဘော၊ လေယာဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အာမခံ ပေါ်လစီတို့ဖြင့် အသီးသီးဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ထိုသို့ ဆောင်ရွက်ခဲ့ရာမှာ အနောက်နိုင်ငံတစ်ခုမှာ အခြေစိုက်ကာ နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ဝန်ထမ်းပေါင်း ၄၀,၀၀၀ ကျော်နဲ့ အာမခံလုပ်ငန်းလည်ပတ်နေတဲ့ Chubb ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပိတ်သိမ်းပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်းကြောင့် အာမခံထားရှိတဲ့ မြန်မာနိုင်ငံသားများမှာ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ပိတ်သိမ်းထွက်ခွာခြင်းမရှိတဲ့ အချို့သော ပြည်ပကုမ္ပဏီများလည်းရှိနေခြင်းကြောင့် အလားတူဖြစ်စဉ်မျိုး ပေါ်ပေါက်လာပါက ပြည်သူများရဲ့ အခွင့်အရေး မဆုံးရှံးစေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနများမှ အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျ ထည့်ဝင်ငွေများဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန်လိုအပ်ပါကြောင်းနှင့် အာမခံ ကုမ္ပဏီတစ်ခု ရပ်ဆိုင်းခြင်း (သို့မဟုတ်) ရုတ်တရပ်ထွက်ခွာသွားခြင်းများရှိပါက မြန်မာ့အာမခံလုပ်ငန်း(သို့မဟုတ်)အခြားအာမခံ ကုမ္ပဏီတစ်ခုသို့ ပေါ်လစီများလွှဲပြောင်းပေးနိုင်သည့် စနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ပါက ကောင်းမွန်နိုင်မှာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်ခင်ဆွေမှ အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တင်သွင်းတဲ့အဆိုကို ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်မာရီအားမူက ထောက်ခံခဲ့ပြီး ကန့်ကွက်မှုမရှိတာကြောင့် ဇူလိုင် ၂၀ ရက်နေ့မှာကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ အစီအစဉ်မှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Photos – Internet






