[latest_news_marquee]

မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်က မြို့နယ်အချို့တွင် မိုးကြီးပြီး ရေလွှမ်းခြင်း၊ မြေပြိုခြင်းတို့ကြောင့် ဒေသခံများကို ရွှေ့ပြောင်းခြင်းနှင့် ကူညီခြင်းများဆောင်ရွက်ပေးနေ

မန္တလေး၊ စစ်ကိုင်း နှင့် ရှမ်းပြည်နယ်က မြို့နယ်အချို့တွင် မိုးကြီးပြီး ရေလွှမ်းခြင်း၊ မြေပြိုခြင်းတို့ကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးမိုးကုတ်မြို့နယ်၌ ဩဂုတ် ၅ ရက်မှ ၈ ရက်အထိမိုး သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်မှစတင်ကာမြေသားအိကျ၍ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီးမိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက်ပန်းမရပ်၊ ရွှပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့် ဘော်မားကျေးရွာများ၌ လူနေအိမ်များပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းများ ယာယီပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
 
အဆိုပါ နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပြည်သူများဘေးအန္တရာယ်မဖြစ်စေရန် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်နေသည့်အတွက် Loader ယာဉ်များဖြင့် မော်တော်ယာဉ်များယာယီဖြတ်သန်းသွားလာနိုင်ရေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
  

အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ္တရာမြိုနယ်ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံ၌ ရေဝင်ရောက်မှုများပြားကာ ဆည်ရေပြည့် ရေလှောင်ပမာဏထက် ကျော်လွန်လာသဖြင့် ရေလှောင်တမံအနီးရှိကျေးရွာများနှင့် ဒေသအခေါ် တံငါတံတား(ကျောက် စရစ်ကုန်းတံတား)အားထိခိုက်မှုမရှိစေရေးဩဂုတ် ၇ ရက်တွင် ပိုလျှံရေများကိုအကျယ်ပေ ၄၀၊ အမြင့် ၃၅ ပေရှိရေပိုလွှဲတံခါးကြီး ၇ ခုမှ တံခါးတစ်ခုလျှင် ပျမ်းမျှ ၂ ပေခန့် ဖွင့်ဖောက်၍ ရေထိန်းညှိ လျှော့ချခြင်းများဆောင်ရွက်ခဲ့သည့်အတွက် မတ္တရာမြို့နယ် တံငါတောင်ကျေးရွာအနီးမန္တလေး- သပိတ်ကျင်း-မိုးကုတ်သွားကားလမ်းမပေါ် ရေကျော်စီးဆင်းမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
         
ထိုသို့ ရေကျော်စီးဆင်းမှုများကြောင့် မတ္တရာမြို့နယ်အထက် တောင်ကိုင်းကျေးရွာအတွင်းရှိ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲများကလိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအားရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများဝေငှပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့၊ ရွာများ၌ ဩဂုတ် ၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကျေးရွာ၊ ရပ်ကွက်များနှင့် လယ်ယာစိုက်ခင်းများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိပြီး ကျေးရွာ၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုကြောင့် ရေဦးမြို့နယ် ဆီဆုံကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ မြင့်တင်ဘုန်းတော်ကြီးကျောင်းတိုက်သို့လည်းကောင်း၊ မင်းကင်းမြို့နယ် သရက်တောရပ်ကွက်ရှိ ဒေသခံပြည်သူများအားမင်းကင်းမြို့ မြို့မရပ်ကွက်ရှိ ယွန်းဘုန်းတော် ကြီးကျောင်းသို့လည်းကောင်း၊ မင်းကင်းမြို့နယ် ကျေးတောင်ဦးကျေးရွာနှင့် ရေပုတ်ချောင်းကျေးရွာရှိဒေသခံပြည်သူများအား ကျေးတောင်ဦးကျေးရွာ ရွှေဇဝါထွန်းဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း ယာယီရွှေ့ပြောင်းနိုင်ရေးအတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက သွားရောက်ကူညီဆောင်ရွက်ပေးကြပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအားထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။
 
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းပိုင်းရှိတံတားအမှတ် ၁/၂၃၀ သံကူကွန်ကရစ်တံတား၏ ဘယ်ဘက်ခြမ်းမြေထိန်းနံရံရေတိုက်စားသွားကာ ကတ္တရာလမ်းများနိမ့်ဝင်ပျက်စီးခဲ့သဖြင့် လမ်းပေါ်ရေကျော်လျက်ရှိပြီး ယာဉ်ကြီးများသာ သွားလာနိုင်ကြောင်း သိရပါတယ်။
 
ယင်းအပြင် ရွှေဘိုခရိုင်အတွင်းကျေးရွာအုပ်စု ၃၃ စုမှ လယ်ယာစိုက်ခင်းများနှင့် ကျွန်းလှမြို့နယ် မန်ကျည်းအင်းကျေးရွာအုပ်စု၊ လယ်လှကျေးရွာအုပ်စုနှင့် ရှမ်းစုကျေးရွာများရှိ လယ်ယာစိုက်ခင်းများ ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက် အထိ မိုးသည်ထန်းစွာရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာရှိ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးသွားတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများပူးပေါင်း၍ မြေပြိုခြင်းများမှ ကာကွယ်ရန် သဲအိတ်များစီ၍ အတားအဆီးများပြုလုပ်ခြင်းနဲ့ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News