ငဝန်တာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြည်နှင့် ငါးသိုင်းချောင်းမြို့နယ် ဒေသခံများ ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရတယ်လို့ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်တာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း(၈၃၀)၊ လူဦးရေပေါင်း(၂၉၆၀) ရေဘေးသင့်ခဲ့ရကာ ယာယီရေဘေးခိုလှုံရန် နေရာ(၁၈)ခုဖွင့်လှစ်ထားပြီး ရေဝင်ရောက်သည့် စာသင်ကျောင်း(၆)ကျောင်းလည်း ယာယီပိတ်ထားကြောင်း သိရပါတယ်။
ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအား ရေသန့် (၆) ဘူးပါ (၄၈၁)ကတ်၊ Royal-D (၁၂ )ဘူးပါ (၆၀)ကတ်၊ ခေါက်ဆွဲခြောက် (၃၀)ထုပ်ပါ (၄၅)ဖာ၊ မုန့်ကြွပ် (၃၀)ထုပ်ပါ (၁၀)ဖာ၊ ဆန် ၂၄ ပြည်ပါ (၈)အိတ်တို့အပြင် ထမင်းဘူးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သူမြို့သားစေတနာရှင်များက နေ့စဉ်လှူဒါန်းပေး လျက်ရှိကြောင်းလည်း ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ သိရပါတယ်။
ထို့အတူ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တာမိုင် ၂၅/၃ အနီး တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီး ဝင်ခြင်းကြောင့် ငါးသိုင်းချောင်းမြို့နယ်ရှိ ရွှေဘိုရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အတွင်းသို့ ဩဂုတ် ၉ ရက်နေ့ မနက်ပိုင်းက ရေများထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရွှေဘိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၁၆၇ စု၊ လူဦးရေ ၆၁၁ ဦးနှင့် မြို့သစ် ရပ်ကွက်ရှိအိမ်ထောင်စု ၁၀၉ စု၊ လူဦးရေ ၃၅၆ ဦး၊ စုစုပေါင်းအိမ်ထောင်စု ၂၇၆ စု၊ လူဦးရေ ၉၆၇ ဦးတို့အား ယာယီရေဘေးရှောင်စခန်း(၅)ခုသို့ ထပ်မံရွှေ့ပြောင်းထားပြီး ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိသလို နေအိမ်များပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရပါတယ်။
ငါးသိုင်းချောင်းမြို့ရှိ ငဝန်မြစ်ရေ၏လက်ရှိရေအမှတ်မှာ ဩဂုတ် ၉ ရက်နေ့ မနက်ပိုင်းတွင် စိုးရိမ်ရေ အမှတ်အောက် ၂ ပေသို့ ပြန်လည်ကျဆင်းနေပြီး ထပ်မံရောက်ရှိလာသောရေများသည် လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာ တမံနိမ့်ကျမှုဖြစ်ပွားခဲ့သည့်နေရာမှ စီးဝင်လာခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့ပေါ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးပရဟိတ အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးကွပ်ကဲရေးရုံးဖွင့်လှစ်ကာ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
Photos- MOI






