အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တို့မှတစ်ဆင့် အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ၊ ချေးငွေအာမခံ (Credit Guarantee Insurance-CGI) စနစ်ဖြင့်ဖြစ်စေ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေကို ထူထောင်ထားရှိပြီး ၎င်းရန်ပုံငွေမှ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် MSME ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ခရိုင် MSME အေဂျင်စီများတွင် ချေးငွေလျှောက်ထားရမည်ဖြစ်ပြီး MSME လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏမှာ အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအား ကျပ် (၅၀) သန်းအထိလည်းကောင်း၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား ကျပ် (၁၀၀) သန်းအထိလည်းကောင်းထုတ်ချေးပေးသွားမှာဖြစ်ပြီး CGI စနစ်ဖြင့် ထုတ်ချေးခြင်းအား ကျပ် (၅၀) သန်းအထိကို မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ (၃)ခုနှင့် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၆) ခုတို့မှ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ချေးငွေအမျိုးအစားနှင့်အတိုးနှုန်းအရ ပုံသေပစ္စည်း (Fixed Capital) အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုမည့် ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး (၃) နှစ်၊ အတိုးနှုန်း ၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ လှည့်ပတ်ငွေ (Working Capital) ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့်ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး (၁)နှစ် (၆)လ၊ အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းနှင့် CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေကို အတိုးနှုန်း ၅ ရာခိုင်နှုန်းသတ်မှတ်ထားသလို CGI စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါအတိုးနှုန်း ၅ ရာခိုင်နှုန်း အပြင် ချေးငွေအာမခံ (CGI) ပရီမီယံကြေးကို ထပ်ဆောင်းကျခံရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ ချေးငွေအတွက် တင်ပြနိုင်သည့် အာမခံပစ္စည်းများမှာ မြေနှင့် အဆောက်အဦ၊ စက်၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ၊ ချေးငွေအာမခံ Credit Guarantee တို့ဖြစ်ကြောင်း၊ အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် မြေအမျိုးအစားအရ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉)မြေ၊ (၃)(ခ)မြေ၊ လယ (၃၀)(က) (ခ)မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)၊ စက်မှုစီးပွားဂရန်တို့ဖြစ်ကြောင်း၊ အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် အဆောက်အဦအမျိုးအစားမှာ ကွန်ကရစ်တိုက် (RC) ၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အဦ၊ Steel Structure ၊ (၆)ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းတို့ဖြစ်ကြောင်းလည်း သိရပါတယ်။
သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်းများ တင်ပြ၍ ချေးငွေလျှောက်ထားနိုင်ကြောင်းနှင့် အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိပါက ချေးငွေအာမခံ Credit Guarantee Insurance – CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ် (၅၀) သန်းအထိ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးကြေညာထားတယ်လို့ သိရပါတယ်။
MSMEချေးငွေ, စီးပွားရေး, အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ,






