[latest_news_marquee]

Online စနစ်ဖြင့် မီတာလျှောက်ထားမှုအတွက် မြို့နယ်များတွင် မီတာများ လုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြား

Online စနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ်များတွင် မီတာများလုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မှာကြားထားတယ်လို့ ဝန်ကြီးဌာနမှ သိရပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုလျော့နည်း ပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ် သုံးစွဲလိုသူများအား မီတာများ လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။


 ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့အနေဖြင့် ယခင်မီတာလျှောက်ထားမှုများကို အမြန်ပြီးစီးအောင် တပ်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်များသို့ အိမ်သုံးမီတာများ လုံလောက်စွာထုတ်ပေးပြီး စတင်တပ်ဆင်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။

ထိုအတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ၌ တွင် အွန်လိုင်းမှ မီတာလျှောက်ထားလာပါက လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ရန် e-Meter Application Software လက်တွေ့အသုံးပြုခြင်းကို သင်တန်းပို့ချပေးနေပြီး ပြည်သူများ မီတာကို အွန်လိုင်းမှအလွယ်တကူ လျှောက်ထားနိုင်ရေး၊ ဌာနမှသတ်မှတ်ထားသော ကျသင့်ငွေဖြင့်သာ မီတာတပ်ဆင်ပေးနိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် ပြည်သူသို့ ဝန်ဆောင်မှုအပြည့်အဝပေးပြီး မသမာမှုများမရှိစေရေး ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
 ပြည်ထောင်စုဝန်ကြီးဟာ ဩဂုတ် ၁၂ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ မီတာ စမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေးဌာနခွဲ စတိုအတွင်း Digital Smart Meter အသစ်များကို စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီတာများ Test Bench ဖြင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံရေး Seal ခတ်နှိပ်ကာ Bar Code Scanner ဖြင့် မီတာနံပါတ်၊ Serial နံပါတ်များ စာရင်းမှတ်၍ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မီတာအသစ်များ ပေးပို့ရေးဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း မီတာအသစ်တပ်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News