မကွေးတိုင်းဒေသကြီးစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ (ဒေသဆိုင်ရာ ကော်မတီ)နှင့် ဆုထူးပန်ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်း၍ မကွေးစက်မှုဇုန်စီမံကိန်းကို မြေကွက်ပေါင်း (၃၉၇)ကွက်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ အဆိုပါကော်မတီမှ သိရပါတယ်။
အဆိုပါ စက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် စံနှုန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေးနှင့် စက်မှုဇုန် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်းလည်း သိရပါတယ်။

လက်ရှိ စီမံကိန်းတွင် အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ Survey တိုင်းတာခြင်း၊ သတ်မှတ်အတိုင်းအတာ အကွက်ဖော်တိုင်းတာခြင်း၊ လမ်းအူကြောင်းဖော် တစ်ကြောင်းထိုးလုပ်ငန်း၊ မြေသားတာဘောင်တင်ခင်းခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့မှုများ၊ ဆောင်ရွက်မှုလုပ်ငန်းအလိုက် လုပ်ငန်းတိုးတက်ပြီးစီးမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားမှုများကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။
မကွေးမြို့စက်မှုဇုန်သည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက်၊ မိုင်တိုင်အမှတ် (၃၂၅)၊ မကွေးမြို့မှ (၄) မိုင်ခန့်အကွာ၊ မကွေးကွန်ပျူတာတက္ကသိုလ်မှ (၇) ဖာလုံခန့်အကွာ၊ မကြီးကန်ဓာတ်အားခွဲရုံမှ ၁ ဒသမ ၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိကြောင်း၊ အမှတ် (၅) စက်မှုသင်တန်းကျောင်း၊ တာတာကားစက်ရုံတို့နှင့် ဆက်စပ်လျက်တည်ရှိပြီး (၄၆၁ ဒသမ ၁၄)ဧက ကျယ်ဝန်းကာ စက်မှုဇုန်မြေနေရာ၏ တောင်ဘက်ခြမ်း ၁ မိုင် ၄ ဖာလုံခန့်အကွာတွင် ဧရာဝတီမြစ် တည်ရှိသဖြင့် နောင်အနာဂတ် စက်မှုဇုန်ဖွံ့ဖြိုးလာသည့်အချိန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်ခြင်းဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မကွေးမြို့ စက်မှုဇုန်ကို ဒေသတွင်းသာမက ပြည်တွင်း / ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချ လုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးမြို့စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
Photos – MOI






