ယခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ် ၃ လတာအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆ သန်းကျော်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။
တင်ပို့မှုများအနေဖြင့် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပုစွန်မက်ထရစ်တန် ၂၁၀၀ ဒသမ ၇၇၉ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁ သန်းရရှိခဲ့ကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်း မက်ထရစ်တန် ၅၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းထွက် ပုစွန်အပါအဝင် ငါး စသည့်ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ အဓိကတင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါရေထွက်ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်ရေလမ်းကြောင်းဖြင့် တင်ပို့နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်၏ ၃ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်းတင်ပို့မှုမှာ မက်ထရစ်တန် ၆၂,၀၅၅ ဒသမ ၄၄၇ တန်အထိရှိပြီး အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၁၂ ဒသမ ၉၇၄ သန်းအထိ ရရှိထားကြောင်း သိရပါတယ်။
Photo – MOI






