ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်းရှိ ဈေးများတွင် အလှည့်ကျစနစ်ဖြင့် ကြက်ဥများကို ဈေးနှုန်း သက်သာစွာနဲ့ ဇူလိုင် ၂၀ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ ကြက်ဥ၊ ဘဲဥ ရောင်းချသူများ အစုအဖွဲ့ထံမှ သိရပါတယ်။
“လက်ရှိ ရောင်းချပေးနေတာကတော့ ရန်ကုန်မြို့တွင်း စည်ပင်သာယာနယ်နိမိတ်အတွင်းက ဈေး ၉ ဈေးမှာ အလှည့်ကျ ရောင်းပေးနေပါတယ်။ ကျန်တဲ့ မြို့နယ်တွေမှာရှိတဲ့ ဈေးတွေမှာ တိုးချဲ့ရောင်းချနိုင်ဖို့ကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်နေ့ကို အလုံးရေ ၁ သိန်းလောက် ရောင်းချပေးပါတယ်။ ရန်ကုန်မှာ အဓိကရောင်းတဲ့ ကြက်ဥကတော့ ဧရာဝတီနဲ့ ရန်ကုန်တိုင်း ဒေသကြီးတို့က မွေးမြူရေးခြံတွေကနေ ယူပြီးရောင်းချပေးနေတာဖြစ်ပါတယ်”လို့ ကြက်ဥ၊ ဘဲဥ ရောင်းချသူများ အစုအဖွဲ့မှ တာဝန််ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ရောင်းချမှုကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းနှင့် ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့ ပူးပေါင်း၍ “သန့်ရှင်းလတ်ဆတ် – ဈေးနှုန်းသက်သာ – နေ့စဉ်စားသောက်ဖွယ်ရာ” စားသုံးသူလက်ဝယ်အရောက် ကြက်ဥတိုက်ရိုက်ရောင်းချမှုအစီအစဉ်အရ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
အစီအစဉ်အရ ဇူလိုင် ၂၂ ရက်တွင် ရွှေပြည်သာမြို့နယ် ပတ္တမြားဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေး၊ မြောက်ဥက္ကလာပမြို့နယ် ရတနာသိင်္ဂီဈေး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဒဂုံရွှေပြည်ဈေး၊ တာမွေမြို့နယ် တာမွေအခွန်လွတ်ဈေး၊ ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးနှင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံ (ထောက်ကြန့်ဈေးအနီး) တို့တွင် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိတွင် ကာကွယ်ဆေးနှင့် အစာကုန်ကြမ်း သွင်းအားစုလိုအပ်ချက်များကြောင့် မွေးမြူရေးထုတ် ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာမှု၊ ယခင်နှစ်များက ဥစားကြက်ပေါက် ထုတ်လုပ်မှု နှင့် ဝယ် လိုအားတို့ အချိန်နှင့်တပြေးညီ မဖြစ်ခဲ့မှု၊ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရောဂါကျရောက်ဖြစ်ပွားမှုများနှင့် ကျောင်းဖွင့်ရာသီတွင် ကြက်ဥလိုအပ်ချက် မြင့်မားလာမှုတို့ကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား ကွာဟချက် ဖြစ်ပေါ်ကာ လက်လီဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် အဖွဲ့ချုပ်ဝင် အသင်းများ၊ အစုအဖွဲ့များအနေဖြင့် ဥစား ကြက်မွေးမြူရေးလုပ်ငန်းများမှ ကြက်ဥများ စဉ်ဆက်မပြတ်ထုတ်လုပ်ဖြန့်ချိနိုင်ရေးအပြင် စားသုံးသူများ သက်သာ ချောင်ချိရေးကိုလည်း ဦးတည်ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် မွေးမြူရေးခြံများမှ ထုတ်လုပ်သည့် ကြက်ဥများကို စားသုံးသူလက် ဝယ်အရောက် တိုက်ရိုက်ရောင်းချသည့် အစီအစဉ်များကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် စားသုံးသူများသက်သာချောင်ချိစေရေးအတွက် အဆိုပါအစီအစဉ်ကိုဆောင်ရွက်ရာတွင် ဥစားကြက် မွေးမြူသူများ ဆုံးရှုံးနစ်နာမှုမရှိစေရေး၊ စဉ်ဆက်မပြတ်ထုတ်လုပ်မှုကို မထိခိုက်စေရေးတို့ကိုလည်း အလေးပေး စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
Photo – မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်
ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးများတွင် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် အလှည့်ကျ ရောင်းချပေးလျက်ရှိ
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026