မြန်မာ့ဆန်ကိုပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၅ လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ ထားပြီး အရည်အသွေးကောင်းမွန်သည့် ဧည့်မထ ဆန်အုပ်စုဝင် GW-11 မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံမှ မှာယူမှုများပြားနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံနည်းတူ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်တင်ပို့လျက်ရှိနေသော်လည်း မြန်မာနိုင်ငံမှ GW-11 အမျိုးအစားဆန်ကို အများဆုံးမှာယူမှုသည် ဆန်ကြိတ်ခွဲမှု နည်းပညာပိုင်းဆိုင်ရာထက် ဆန်မျိုးစိတ်အရည်အသွေးကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း၊ ယင်းကြောင့် ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် ဆန်အရည်အသွေးကောင်းမွန်သော GW-11 မြန်မာ့ဆန်အား မှာယူမှုများပြားခြင်းဖြစ်ကြောင်း MRF မှတာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
“ဖိလစ်ပိုင်က GW-11 ဆန်ရဲ့ အရည်အသွေးထက် ဆန်မျိုးစိတ်ကို ပိုပြီးနှစ်ခြိုက်တာကြောင့် အဝယ်လိုက်တာပါ။ လက်ရှိ ပြည်ပပို့ကုန်ဆန်တင်ပို့ရာမှာ ဖိလစ်ပိုင်နိုင်ငံက GW-11 အဝယ်လိုက်နေတဲ့အတွက် လေးလအတွင်း တန်ချိန်ရှစ်သိန်းကျော် ပို့ပြီးပါပြီ။ ဖိလစ်ပိုင်နိုင်ငံက ပိုပြီးဝယ်ယူတာကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးသလို အခြားဒေသတွေမှာလည်း သီးသန့်စိုက်ခင်းတွေစိုက်ပျိုးပြီး မျိုးစိတ်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက GW-11 ဆန်ကို မြန်မာနိုင်ငံကပိုမှာယူပြီး ထိုင်းနိုင်ငံထက် ဈေးပိုပေးအဝယ်လိုက်တာဟာ နိုင်ငံအတွက်လည်း အားရဂုဏ်ယူစရာပါ” လို့ ၎င်းက ပြောပါတယ်။
လက်ရှိတွင် GW11 ဆန်ကို ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးသလို အခြားဒေသများမှာလည်း သီးသန့်စိုက်ခင်းများနှင့် စိုက်ပျိုးကြောင်း၊ ပြည်ပသို့ ယခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ဆန်တန်ချိန် ၈ သိန်းကျော်တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ကာ ဆန်တန်ချိန် ၅ သန်းဝယ်ယူရန် ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့ GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
GW-11 မြန်မာ့ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့ခဲ့ရာမှ နှစ်ခြိုက်လာမှုပြားလာခြင်းကြောင့် မှာယူမှုများလာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဆန်, ဧည့်မထဆန်အုပ်စု, GW11, ပို့ကုန်, စီးပွားရေး, MRF,
Photo – MOI






