တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၄ ရက်တိုင် ကျင်းပလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ ပြပွဲကို Jiegao International Jade & Jewelry Trade Center ၌ ဇူလိုင် ၂၂ ရက်မှ စတင်ကာ ဇူလိုင် ၂၅ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ပြပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနား၌ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဖွင့်လှစ်ပေးခဲ့ကြပြီး ခင်းကျင်းပြသထားသော ကျောက်စိမ်းအရိုင်းတွဲများကို လှည့်လည်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် Jincheng Dihai ဟိုတယ်၌ ပြည်ထောင်စုဝန်ကြီးမှ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ကျောက်မျက်ပြပွဲကျင်းပရေးနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲဟာ သမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် ပြည်ပသို့ သွားရောက်ပြသခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – MOI/MWD






