[latest_news_marquee]

နေပြည်တော်နှင့် ရန်ကုန်တွင် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း (၂၄)ပြည်အိတ်များ ဈေးနှုန်းချိုသာစွာ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်

နေပြည်တော်နှင့် ရန်ကုန်တို့တွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန် (၂၄) ပြည်အိတ်များကို စားသုံးသူ အိမ်ထောင်စုများထံသို့ ဈေးနှုန်းချိုသာစွာ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

စျေးကွက်စျေးနှုန်းများ တည်ငြိမ်စေရန်နှင့် သင့်တင့်မျှတစေရန် ရည်ရွယ်၍ MRF မှ ယခုလိုရောင်းချပေးခြင်း ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရွှေဘိုပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်လျှင် (၂၀၀,၀၀၀) ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်လျှင် (၁၅၀,၀၀၀) ကျပ်နှုန်း ဖြင့် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် K Pay ငွေ ဝင်ရောက်ပြီး (၅) ရက်အတွင်း ပို့ဆောင်ပေးသည့် စနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ထို့အတူ ဧည့်မထ ၁၅ % အဆင့် (၂၄ ပြည် – ၁၀၈ ပေါင်) အိတ်ကြီး အိတ်ရေ (၁)သိန်းကို ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်သော ဒေသများသို့ ဖြန့်ဝေမည့် ပရဟိတ အဖွဲ့အစည်းများ၊ အခြားသော လူမှုရေးအဖွဲ့အစည်းများအတွက် တစ်အိတ်လျှင် (၇၀,၀၀၀) ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးမည်ဖြစ်ကြောင်းသိရပါတယ်။ 

ဒါ့အပြင် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံရှိ စားသုံးသူ ပြည်သူလူထု အများစုသည် ဆန်ဟောင်းနှင့် စပါးဟောင်း (ဆန်ကြိတ်သစ်) ကို ပိုမိုရွေးချယ် ဝယ်ယူစားသုံးကြသည်ဖြစ်ရာ ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ ပွဲရုံအများစုသည် ဆန်စပါး ဝယ်ယူသိုလှောင်ထားခြင်းကို စပါးပေါ်ချိန်တွင် ဆောင်ရွက်ပြီး စျေးကွက်အတွင်းသို့ လိုအပ်ချက်နှင့်အညီ ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ထားရှိသည်မှာ မြန်မာ့ဆန်စပါးလုပ်ငန်း၏ အခြေအနေမှန်ပင် ဖြစ်ကြောင်း၊ ယခုနှစ် နွေစပါးရာသီမှ ထွက်ရှိမှုအပြင် ယခင်နှစ် မိုးစပါးရာသီက ထွက်သော စပါးဟောင်း၊ ဆန်ဟောင်းများကိုပင် ကြိတ်ခွဲထုတ်လုပ်ကာ သိုလှောင်ဖြန့်ဖြူး ရောင်းချပေးနေဆဲ ဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို ယခင်နှစ်က ထွက်ရှိမှုဖြင့် စျေးကွက် လိုအပ်ချက်အတိုင်း အခက်အခဲ မရှိဘဲ နှစ်စဉ် ဖူလုံလောက်ငှစွာ ထုတ်လုပ်ရောင်းချပေးနိုင်ကြောင်း သိရပါတယ်။

သို့သော် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ နေရာဒေသအချို့တွင် ရေကြီးမှုများကို အကြောင်းပြ၍ အချို့သော ရောင်းချသူများသည် စားသုံးသူပြည်သူများ စိုးရိမ်ပူပန်စိတ်များ ဖြစ်စေရန်နှင့် စျေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ဆောင်သည်ကို ကြားသိရကြောင်း၊ ထိုသို့ ဆန်စပါးစျေးကွက်နှင့် ဆန်စပါးလုပ်ငန်း၏ သဘောသဘာဝကို သိရှိသော်လည်း မိမိ သိုလှောင်ထားမှုအပေါ် သင့်တင့်မျှတသည်ထက် များစွာ မြှင့်တင်ထားသော စျေးများဖြင့် ရောင်းချခြင်းကို မပြုလုပ်ရန်နှင့် သိုလှောင်စျေးနှုန်းမြှင့်တင် ဆောင်ရွက်မှုများ မပြုလုပ်ရန် ဝိုင်းဝန်းသတိပေးတားမြစ်ရမည် ဖြစ်ကြောင်း၊ ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ ပွဲရုံများ၊ လက်လီလက်ကား ဆန်အရောင်းဆိုင်များ အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး သက်သာသော စျေးများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မိမိတို့ ပတ်ဝန်းကျင်အသီးသီးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ရောင်းချပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်, အိမ်အရောက်ပို့စနစ် နေပြည်တော်, ရန်ကုန်, ရွှေဘိုပေါ်ဆန်း, ဧရာဝတီပေါ်ဆန်း, Rice,

Photo- MRF

Your Ad Here
Ad Size: 336x280 px

More News