လှည်းကူးမြို့မစျေးကြီးအား အဆင့်မြင့်သော ဈေးရုံများဖြစ်လာစေရန် အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်မှ ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းဝေး စတုတ္ထနေ့တွင် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်း၏ “လှည်းကူးမြို့မစျေးအတွက် ကြံ့ခိုင်ပြီး အဆင့်မြင့်သော ဈေးရုံအဖြစ် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ၎င်းမှ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအား ဈေးရုံ ၉ ရုံ၊ ဆိုင်ခန်း ၆၅၆ ခန်းဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း၊ ကြံ့ခိုင်ပြီး အဆင့်မြင့်သော ဈေးရုံများဖြစ်လာစေရန် ၎င်းဈေးများကို အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ထားကြောင်း ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
ထို့အပြင် လှည်းကူးမြို့မစျေးကြီးအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြို့မစျေးရုံ (၁၊ ၈)အား အမိုးအကြီးစား ပြင်ဆင်ခြင်း (၁၂၀ ပေ x ၂၉ ပေ) (၁၀၅ ပေ x ၄၅ ပေ) ကို ကျပ် ၁၁ သန်း ဖြင့်လည်းကောင်း၊ မြို့မစျေးသန့်စင်ခန်း၊ ရေလိုင်း၊ မိလ္လာလိုင်း ပြုပြင်ခြင်းကို ကျပ် (၁ ဒသမ ၅) သန်းဖြင့်လည်းကောင်း၊ မြို့မစျေး ရေပိုက်လိုင်းများ ပြုပြင်ခြင်းကို ကျပ် ၄ သန်း ဖြင့်လည်းကောင်း၊ မြို့မစျေးရေမြောင်းပြုပြင်ခြင်းကို ကျပ် (၇ ဒသမ ၂၀၀ သန်း)ဖြင့်လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြို့မစျေးအတွင်း အသားရောင်းရုံ တည်ဆောက်ခြင်း (၈၀ ပေ x ၁၀ ပေ x ၁၂ ပေ)ကို ကျပ် ၃၂ သန်း ဖြင့်လည်းကောင်း၊ မြို့မစျေး ဈေးရေတွင်း၊ ရေစင်ရှိ ပန့်၊ မော်တာများပြုပြင်ခြင်းကို ကျပ် ၂ သန်းဖြင့်လည်းကောင်း၊ မြို့မစျေးသန့်စင်ခန်း ရေလိုင်း၊ မိလ္လာလိုင်း ပြုပြင်ခြင်းကို ကျပ် (၁ ဒသမ ၅၀၀) သန်း ဖြင့်လည်းကောင်း၊ မြို့မစျေးရုံ (၇) အမိုးပြင်ခြင်းကို ကျပ် (၉ ဒသမ ၆၆၀) သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
အလားတူ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြို့မစျေး ဈေးရေတွင်း၊ ရေစင်ရှိ ပန့်၊ မော်တာများပြုပြင်ခြင်းကို ကျပ် ၂ သန်းဖြင့်လည်းကောင်း၊ မြို့မစျေး သန့်စင်ခန်း ရေလိုင်း၊ မိလ္လာလိုင်း ပြုပြင်ခြင်းကို ကျပ် (၁ ဒသမ ၅) သန်းဖြင့်လည်းကောင်း၊၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် မြို့မစျေး ဈေးရေတွင်း၊ ရေစင်ရှိ ပန့်၊ မော်တာများပြုပြင်ခြင်းကို ကျပ် ၂ သန်းဖြင့်လည်းကောင်း၊ မြို့မစျေး ရုံ (၆)၊ ရုံ (၇) မြင့်မိုရ်ပိတ်များ ပြုပြင်ခြင်းကို (၄၅ ပေ x ၄၅ ပေ) ကျပ် (၈ ဒသမ ၈) သန်းဖြင့်လည်းကောင်း၊ မြို့မစျေး သားငါးတန်းဘေး အုတ်ရေမြောင်း ပြုလုပ်ခြင်းကိုကျပ် (၂ ဒသမ ၅) သန်းဖြင့်လည်းကောင်း ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်မှာလည်း မြို့မစျေး ခြံစည်းရိုး သံပန်းတံခါးများ ပြုပြင်ခြင်းကို ကျပ် ၄ သန်း ဖြင့်လည်းကောင်း၊ ဈေးများအတွင်း သန့်ရှင်းသပ်ရပ်စေရန် သားငါးတန်းဘေး အုတ်ရေမြောင်းပြုလုပ်ခြင်း၊ အသားရောင်းရုံတည်ဆောက်ခြင်း၊ သန့်စင်ခန်းရေလိုင်း၊ မိလ္လာလိုင်းများပြုပြင်ခြင်း၊ ဈေးရောင်းဈေးဝယ်များ အန္တရာယ်ကင်းရှင်းစေရန် ဈေးများ၏ ပျက်စီးနေသော အမိုးနှင့် မြင့်မိုရ်ပိတ်များပြုပြင်ခြင်း၊ ဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် ဈေးရေတွင်း၊ ရေစင်ရှိပန့်၊ မော်တာများအား ပြုပြင်ထားပြီး ဈေးကြံ့ခိုင်မှုအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အထိ ငွေလုံးငွေရင်း လုပ်ငန်းအသုံးစရိတ် ကျပ် ၄၃ သန်း၊ သာမန်လုပ်ငန်းအသုံးစရိတ် ကျပ် ၄၆ ဒသမ ၆၆၀ သန်းဖြင့် ဆောင်ရွက်ထားကြောင်း၊ ထပ်မံ၍လည်း လာမည့် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ဈေးခြံစည်းရိုးဘလိတ်ဆူးကြိုး တပ်ဆင်ရန်နှင့် ဈေးရုံအမှတ် (၁) နှစ်ထပ်ဆောင်တွင် အကြီးစား ပြုပြင်ရန် အတွက် ဘဏ္ဍာရန်ပုံငွေရရှိမှုပေါ် မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
လှည်းကူးမြို့မဈေး, အဆင့်မြင့်ဈေးရုံ, လှည်းကူးဈေး,
Photos – လှည်းကူးမြို့နယ်စည်ပင်






