ရန်ကုန်တိုင်းဒေသကြီး၌ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဝမ်းပျက်/ဝမ်းလျှောဖြင့် ဆေးရုံတက် လူနာ ၁၈၂ ဦးရှိပြီး ပြင်းထန်ဝမ်းပျက်/ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄) ဦးရှိခဲ့ကာ အသက် ၉၀ ကျော်အရွယ် သက်ကြီး လူနာ ၁ ဦး သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုနှင့် ပတ်သက်လို့ ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် တိုင်းအစိုးရရဲ့ ဖြေကြားချက်ကို ထုတ်ပြန်လာရာတွင် အခုလို ထည့်သွင်း ဖြေကြားထားတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦး ရောက်ရှိခဲ့ပြီး၊ ဩဂုတ် ၁၁ ရက်နေ့တွင် လူနာသစ် (၇၀)ဦး ထပ်မံရောက်ရှိခဲ့ကာ ယင်းနေ့အထိ ဆေးရုံတက်လူနာ (၉၈)ဦးနှင့် ဆေးရုံဆင်း (၈)ဦးရှိပြီး အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာ ၁ ဦး သေဆုံးခဲ့ကြောင်း၊ ဩဂုတ် ၁၂ ရက်နေ့တွင် လူနာသစ် (၈၄)ဦး ထပ်မံရောက်ရှိခဲ့ပြီး ယနေ့ ဩဂုတ် ၁၃ ရက်အထိ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှော ရောဂါပိုးတွေ့သူ (၅၄)ဦးရှိကြောင်း ဖြေကြားချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်/ပင်၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ထွေ/အုပ်တို့ ပူးပေါင်း၍ အစားအသောက်နှင့် ရေများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း တိုင်းအစိုးရက ဖြေကြားထားပါတယ်။
Photos- MDN






