ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာပါက ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာမိုးခိုင်က ပြောကြားထားပါတယ်။
ဒေါက်တာမိုးခိုင် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ ကုသရေး) ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး က “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း ဗဟိုအဆင့်ရှိတဲ့ ဆေးရုံအများစုရှိတဲ့ တိုင်းဒေသကြီးဖြစ်သလို ပုဂ္ဂလိကဆေးရုံ တွေအနေနဲ့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ အင်အားနဲ့ ပုဂ္ဂလိကဆေးရုံတွေ အင်အားကို အသုံးပြုပြီးတော့ ဆေးရုံအလိုက် ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာရင် လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားရှိပြီးတော့ ကုသမှုဆောင်ရွက်တဲ့ အခါမှာလည်း စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်အောင် လုပ်ငန်းလမ်းညွှန်တွေကိုလည်း ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်”လို့ နိုင်ငံပိုင် မီဒီယာမှာ ပြောကြားထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေအနေနဲ့လည်း ယခင်ကတည်းက အတွေ့အကြုံရှိပြီးဖြစ်တဲ့ အတွက်ကြောင့် လူနာတွေအနေနဲ့ လိုအပ်တဲ့ကုသမှုတွေ အချိန်မီရရှိနိုင်မှာဖြစ်ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ လူနာတွေကို ကုသမှုပေးတဲ့အခါမှာ ဦးတည်ဆောင်ရွက်တဲ့ အချက်အနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေ အသက်သေဆုံးမှု မရှိအောင် ဦးတည်ဆောင်ရွက်ခြင်း၊ ဒုတိယအချက်အနေနဲ့ လိုအပ်တဲ့ ကုသမှုတွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိအောင် ဆောင်ရွက်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းအားလုံး အနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ကုသရေး လုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ရည်မှန်းပြီးတော့ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သူက ပြောပါတယ်။
ထို့အပြင် ရောဂါကုသရေးအတွက် ဆောင်ရွက်သလို ရောဂါရှာဖွေရေးမှာလည်း အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာ ဌာနအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မုခ်ဇီဝဌာန၊ ဓာတ်ခွဲဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ရောဂါပိုးအမည် အမြန်တပ်နိုင်ဖို့၊ အရေးပေါ်ကုသမှုတွေ အမြန်ရရှိဖို့၊ ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ နေရာအလိုက်ရရှိနိုင်ဖို့အတွက် သမားတော်တွေ၊ အထွေထွေလက်ထောက် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ နန္ဒဝင်းက “အရင်နေ့တွေနဲ့စာရင်တော့ နည်းနည်းကျလာပါပြီ။ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်အတွင်းမှာ ဒီဖြစ်ပွားတဲ့ လူနာတွေ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူနာတွေ အသက်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် Zero death ဖြစ်အောင် ကုသရေးဦးစီးဌာနက ဆရာဝန်တွေ၊ ဆေးရုံကြီးတွေကလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာ အားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ပြောကြားထားပါတယ်။
ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပါမောက္ခ (ဌာနကြီးမှူး၊ ဆေးလက်တွေ့) ဒေါက်တာမင်းဇော်ဦးကလည်း “ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေက အမြဲအသိပေးနေတဲ့အတိုင်း အထူးသဖြင့် မိုးတွင်းကာလမှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ အစားအသောက်နဲ့ပတ်သက်ရင် မလတ်ဆတ်တာတွေ၊ ယင်နားစာတွေနဲ့ အမှည့်လွန်တဲ့ အသီးအနှံတွေကို ဆင်ခြင်စားသောက်ပါ။ သောက်သုံးရေနဲ့ပတ်သက်ရင် သန့်ရှင်းမှုရှိအောင် ရေကိုသေချာကျိုချက်ပြီးမှသောက်သုံးဖို့ ပြောချင်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေ မြင့်မားနေတာ သိရှိရပါတယ်။ လူနာအများကြီး ရောက်လာတာ မှန်သော်လည်း လူမှုကွန်ရက်ပေါ်မှာ ပြောနေကြသလို ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေပြည့်ကျပ် နေတယ်။ ပြင်ပလူနာမကြည့်တော့ဘူး၊ အတွင်းလူနာ လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ပြောချင်ပါတယ်။ ပြင်ပလူနာဌာနကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်နေပြီး ရှိတဲ့အင်အားနဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတာ အသိပေးပါရစေ”လို့ ပြောကြားထားပါတယ်။
ရန်ကုန်တိုင်းမှာရှိတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာတွေ ခံစားရတဲ့ ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်နိုင်အောင် ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ အနီးစပ်ဆုံး ပြည်သူ့ဆေးရုံတွေနဲ့ သက်ဆိုင်ရာ ဆေးရုံတွေကို သွားရောက် ကုသမှုခံယူနိုင်ကြောင်းလည်း တာဝန်ရှိသူများက ဆိုထားပါတယ်။
Photo- MDN






