ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေ ရယူသုံးစွဲသူများအတွက် အခြေခံရေသုံးစွဲမှု၏ ရေဖိုးရေခကို နှုန်းထားသစ်များဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရပါတယ်။
ထို့အပြင် မည်သည့်ရေသုံးစွဲမှု အမျိုးအစားမဆို ရေမီတာ ပျက်စီး/ပျောက်ဆုံး/တပ်ဆင်ထားခြင်းမရှိသော ရေဆက်သွယ်မှုများကို အခြေခံရေသုံးစွဲခ၏ ၆ ဆ အထိ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အခြေခံရေသုံးစွဲမှုပမာဏကိုလည်း အိမ်သုံးအတွက် တစ်လလျှင် ၁၀ ယူနစ်၊ စီးပွားဖြစ်သုံး ၂၀ ယူနစ်နှင့် လုပ်ငန်း/စက်ရုံသုံး ၃၀ ယူနစ် သတ်မှတ်ထားကြောင်းနှင့် အခြေခံရေသုံးစွဲမှုပမာဏမှာ ရေသုံးစွဲသူပြည်သူများ မဖြစ်မနေပေးဆောင်ရသည့် အနည်းဆုံးပမာဏဖြစ်ကြောင်းလည်း သိရပါတယ်။
ရေဖိုးရေခနှုန်းထားအနေဖြင့် တစ်ယူနစ်လျှင် နိုင်ငံသား(အိမ်သုံး)အတွက် ငွေကျပ် ၃၃၀ နှုန်း၊ နိုင်ငံသား(စီးပွားသုံး)အတွက် ငွေကျပ် ၅၅၀ နှုန်း၊ နိုင်ငံသား(လုပ်ငန်းသုံး/စက်ရုံသုံး)အတွက် ငွေကျပ် ၆၆၀ နှုန်း၊ နိုင်ငံခြားသား(အိမ်သုံး)အတွက် ငွေကျပ် ၈၈၀ နှုန်း၊ နိုင်ငံခြားသား(စီးပွားသုံး)အတွက် ငွေကျပ် ၁၁၀၀ နှုန်း၊ နိုင်ငံခြားသား(လုပ်ငန်းသုံး/စက်ရုံသုံး)အတွက် ငွေကျပ် ၁,၃၂၀ နှုန်းဖြင့် အသီးသီး သတ်မှတ်ကောက်ခံကြောင်း သိရပါတယ်။
အလားတူ သုံးစွဲမှုများလေ နှုန်းထားမြင့်လေ စနစ်အနေဖြင့် မည်သည့်နိုင်ငံသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၅၅၀ နှုန်းနှင့် ၆၀ ယူနစ်အထက်သုံးစွဲပါက ငွေကျပ် ၆၆၀ နှုန်းသို့ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ပြီး မည်သည့်နိုင်ငံခြားသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၁၁၀၀ နှုန်းနှင့် ၆၀ ယူနစ်အထက်သုံးစွဲပါက ငွေကျပ် ၁၃၂၀ နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားပါတယ်။
ယင်းသို့ ကောက်ခံရခြင်းမှာ တရားမဝင် ရေသုံးစွဲမှုများနှင့် ရေလေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ရေမီတာ တပ်ဆင်ထားခြင်းမရှိပါက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ်ရေ/သန့်ရုံးသို့ ဆက်သွယ်ကာ အမြန်ဆုံးတပ်ဆင်ပေးကြရန် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ တိုက်တွန်းထားပါတယ်။
ရေမီတာ, စည်ပင်, ရေဖိုး, ရန်ကုန်ရေဖိုးကောက်ခံ,
Photo – MOI






