တိုင်းဒေသကြီး/ ပြည်နယ်များရှိ မူးယစ်တပ်ဖွဲ့စုများမှာ နည်းပညာမြင့် စက်ကိရိယာများဖြစ်တဲ့ Scanner ၄၄ လုံး၊ Electronic Endoscope ၆ လုံးတို့ဖြင့် မြို့ဝင်/ ထွက် စစ်ဆေးရေးဂိတ်များတွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဇူလိုင် ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့၌ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးစိန်ရွှေမင်း မေးမြန်းသော လုံခြုံရေးအရထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပြုလုပ်ရာ၌ လူဖြင့် အားပြုစစ်ဆေးသည်ထက် နည်းပညာသုံးစစ်ဆေးခြင်းမျိုး ပြုလုပ်နိုင်မည်ဆိုပါက တားမြစ်ကုန်ပစ္စည်းများ၊ ဥပဒေနှင့်မလွတ်ကင်းသူများအား ဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပါသဖြင့် လုံခြုံရေးအရထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက ယခုလို ဖြေကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက “သွားလာမှုအဓိကအကျဆုံး စစ်ဆေးရေးဂိတ်ကြီးတွေမှာ စက်ကိရိယာများကို တပ်ဆင်အသုံးပြု၍ တားမြစ်ကုန်စည်များ၊ တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးရာ PSMS လူပုဂ္ဂိုလ် စိစစ်စောင့်ကြည့်စနစ် အသုံးပြုစောင့်ကြည့် စစ်ဆေးလျက်ရှိပါတယ်။ အဲဒီစနစ်မှ AI မျက်နှာပြင်မှတ်သားခြင်းနှင့် ဇီဝမက်ထရစ်ဒေတာ (Biometric Data) တို့ကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီး ဗဟိုဒေတာဘေ့စ်(Central Database) ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) နံပါတ် တိုက်ဆိုင်စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ အဓိကလမ်းမကြီးများပေါ်၌ အချက်အချာနေရာများတွင် လိုအပ်ချက်အရ ထားရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများအား အဂတိကင်းရှင်းစေရေး၊ ငွေကြေးတောင်းခံခြင်းများမရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာနှင့် ကိုယ်နှုတ်အမူအရာ ပြေပြစ်မှုရှိစေရေး၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့် လုပ်ငန်းတာဝန်များနှင့် စည်းကမ်းချက်များကို သိရှိလိုက်နာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၎င်းကဆိုခဲ့ပါတယ်။
စစ်ဆေးရေးဂိတ်များ၌ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် ခေတ်မီရှာဖွေရေး X-Ray Station စက်များ၊ နည်းပညာမြင့်စက်ကိရိယာများဖြစ်သည့် Scanner များ၊ Electronic Endoscope များဖြင့် ရှာဖွေစစ်ဆေးလျက်ရှိပါကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင် စက်ကိရိယာများ ယခုထက် ပိုမိုတပ်ဆင်အသုံးပြုနိုင်ရေးလိုအပ်ပါက ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မင်းသူက ဖြေကြားခဲ့ပါတယ်။
Photo – MOI






