[latest_news_marquee]

ကိုရီးယားနိုင်ငံ နှင့် ပူးပေါင်း၍ မြန်မာ့ဆန်စပါးကို UNESCO  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရန် အချက်အလက်များ စုဆောင်းနေ

ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ မြန်မာ့ဆန်စပါးကို UNESCO သို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရန် အချက်အလက်များ စုဆောင်းလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊ ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့၊ လက်ဖက်ယဉ်ကျေးမှု၊ ထမနဲ ယဉ်ကျေးမှုများကို  နှစ်အလိုက်  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရန် ဆောင်ရွက်ထားပြီးဖြစ်သလို လက်ရှိမှာ ဆန်စပါးယဉ်ကျေးမှုအမွေအနှစ်တင်သွင်းရန် အချက်အလက်များ စုဆောင်းနေပြီဖြစ်ကြောင်းသိရပါတယ်။

“ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု ဒြပ်ရှိယဉ်ကျေးမှုတွေကတော့ နည်းပညာတိုးတာလာတာနဲ့အမျှ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတာရှိပါတယ်။ သို့သော် ဒြပ်မဲ့ယဉ်ကျေးမှုမှာကြတော့သူက မြင်ရတဲ့အရာမဟုတ်တော့ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတယ်လို့မခံစားရတော့ဘူး။ ဒါကြောင့်မို့လည်း နိုင်ငံအသီးသီးကနေပြီးတော့ ကိုယ့်နိုင်ငံရဲ့ဒြပ်မဲ့ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီးတော့မှ ကမ္ဘာ့အသိအမှတ်အပြုအနေနဲ့ UNESCO အသင်းအဖွဲ့ကြီးကနေပြီးတော့ ဒီဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ထိန်းသိမ်းသင့်တယ်ဆိုပြီး ၂၀၀၃ Convention မှာ ထည့်ပြီး ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ဌာနအနေနဲ့စာရင်းကောက်ထားတဲ့ ခေါင်းစဉ်အရေအတွက်ကတော့ ၂၀၀၀ ကျော်လောက်ရှိပါတယ်။ တိုင်းရင်းသားလူမျိုးက ၁၀၀ ကျော်ရှိတဲ့အနက်က ဒြပ်မဲ့ယဉ်ကျေးမှုက လူမျိုးတစ်စုအလိုက်ရော၊ ဒေသအလိုက်ရောရှိတဲ့အတွက်ကြောင့်ပါ။ သို့သော်လည်း ဒီအထဲကမှ ဖြစ်နိုင်တဲ့ဟာ အထူးသဖြင့် လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ပိုပြီးတော့ ဦးစားပေးတင်တာပေါ့ ၊ လက်ရှိဒီနှစ်မှာဆိုရင် ထမနဲကို ဦးစားပေးတင်ဖို့လုပ်နေသလိုပဲ အခြားတစ်ဖက်ကနေလည်း ကိုရီးယားနဲ့ပူးပေါင်းပြီးတော့ ဆန်စပါးယဉ်ကျေးမှု ခေါင်းစဉ်အောက်မှာလည်း ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် UNESCO ကို တင်ဖို့အတွက်လည်း ဆောင်ရွက်နေတာရှိပါတယ်” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

ဆန်စပါးယဉ်ကျေးမှုအနေဖြင့် ဆန်စပါးနှင့်ပတ်သတ်သည့် စပါးစိုက်ပျိုးမှု၊ ဆန်နှင့်လုပ်သည့် မုန့်များ၊ ရိုးရာဓလေ့များ၊ စပါးမှဆန်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ စသဖြင့်ပါဝင်မှာဖြစ်ပြီး လက်ရှိတွင် ဆောင်ရွက်ဆဲဖြစ်သလို အထောက်အထားအချက်အလက်များ စုဆောင်းနေကြောင်း သိရပါတယ်။

ဆန်စပါး, ယူနက်စကို, ဒြပ်မဲ့ယဉ်ကျေးမှု, UNESCO,

Your Ad Here
Ad Size: 336x280 px

More News