[latest_news_marquee]

တောင်သူလယ်သမားများအတွက် စက်သုံးဆီ ဝယ်ယူခွင့် QR စနစ်ဖြင့် ဆောင်ရွက်၍ ရ၊ မရ နည်းလမ်းရှာဖွေနေ

တောင်သူလယ်သမားများအနေဖြင့် စက်သုံးဆီ ဝယ်ယူရာတွင် ဝယ်ယူခွင့် QR စနစ်ဖြင့် ဆောင်ရွက်၍ ရ၊ မရကို နည်းပညာနှင့် နည်းလမ်းရှာဖွေနေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးအောင်ကျော်မင်းမှ ဇူလိုင် ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့၌   တောင်သူလယ်သမားများအား စမတ်ကတ် (Smart Card) များထုတ်ပေးပြီး သင့်လျော်သော ခွဲတမ်းအလိုက် စက်သုံးဆီ တရားဝင်ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ် ရှိ/ မရှိနှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါ အချက်အလက်များအလိုက် စမတ်ကတ် (Smart Card) များ ထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ၎င်းက ယခုလို ဖြေကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက “တောင်သူလယ်သမားများနဲ့ MSME လုပ်ငန်းများကို Smart Card ဖြင့် စက်သုံးဆီရောင်းချနိုင်ဖို့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲရမှာဖြစ်သလို အချက်အလက်များစုဆောင်းဖို့အတွက် အချိန်ယူဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် လတ်တလောမှာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ အခြားနည်းလမ်းတစ်ခုအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ QR စနစ်ဖြင့် ဆောင်ရွက်နေသကဲ့သို့ တောင်သူလယ်သမားများကို QR စနစ်ဖြင့်ဆောင်ရွက်၍ ရ/ မရ နည်းပညာအရ နည်းလမ်းရှာဖွေလျက်ရှိတယ်လို့လည် ၎င်းက ဆိုခဲ့ပါတယ်။

ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီများဝယ်ယူရာတွင် အခက်အခဲများရှိပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူလယ်သမားများနှင့် MSME လုပ်ငန်းများလိုအပ်သည့် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းကိုလည်း ၎င်းက ဖြေကြားခဲ့ပါတယ်။

နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့်  Bar Code/QR Code စနစ်ဖြင့်   စက်သုံးဆီများ စိစစ်ရောင်းချခြင်းကို စောင့်ကြည့်ထိန်းကျောင်းမှု (Photo – MOI)

Your Ad Here
Ad Size: 336x280 px

More News