[latest_news_marquee]

တရုတ်နိုင်ငံက ရာသီဥတုခန့်မှန်းမှုတွေမှာ AI နည်းပညာကို အရှိန်အဟုန်မြှင့် အားပြုသုံးစွဲလာ

လက်ရှိ တရုတ်နိုင်ငံရဲ့ မုန်တိုင်းရာသီမှာ AI ရာသီဥတုခန့်မှန်းရေး စနစ်တွေကို အင်တိုက်အားတိုက် စမ်းသပ်လျက်ရှိပြီး တရုတ်က ထုတ်လုပ်ထားတဲ့ Fengwu၊ Pangu နဲ့ Fuxi အစရှိတဲ့ AI စနစ်တွေဟာ သမားရိုးကျဖြစ်တဲ့ စူပါကွန်ပျူတာနည်းပညာတွေထက် ပိုမိုမြန်ဆန်မှုရှိပြီး တိကျမှုအပိုင်းမှာလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိတာကို တွေ့ရတယ်လို့ နည်းပညာဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူများက ပြောကြားထားပါတယ်။

အထူးသဖြင့် ဒေါဖင်တိုင်ဖွန်းမုန်တိုင်း တရုတ်ပြည်မကြီးကို ဝင်ရောက်မယ့်အချိန်နဲ့နေရာကို Fengwu AI စနစ်က မုန်တိုင်းမတိုင်မီ ၅ ရက်အလိုကတည်းက တိကျမှုရှိစွာ ကြိုတင်ခန့်မှန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သမားရိုးကျအားဖြင့် အသုံးပြုလျက်ရှိတဲ့ခန့်မှန်းနည်းတွေဟာ လေထုရူပဗေဒဆိုင်ရာပုံစံတူတွက်ချက်မှုတွေကို သုံးရတာကြောင့်အချိန်ယူရပေမယ့် AI စနစ်တွေက ယခင်ရာသီဥတုအခြေအနေနဲ့သက်ဆိုင်တဲ့အချက်အလက် အမြောက်အမြားကို လေ့လာမှတ်သားထားတာမို့ အချိန်တိုအတွင်း ခန့်မှန်းချက်ထုတ်ပေးနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

သို့ပေမယ့်လည်း မုန်တိုင်းရဲ့ သက်ရောက်မှုပြင်းအားကို ခန့်မှန်းတဲ့နေရာမှာတော့ AI စနစ်တွေဟာ သမားရိုးကျနည်းလမ်းတွေကို မီဖို့လိုအပ်နေတဲ့အပြင် ရေရှည်ရာသီဥတုအပြောင်းအလဲတွေကို ခန့်မှန်းရာမှာလည်း ပြည်သူတွေ သံသယကင်းရှင်းစေဖို့ အချိန်ယူစမ်းသပ်ရဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

လက်ရှိမှာ AI စနစ်တွေကို သမားရိုးကျနည်းလမ်းနေရာမှာ အပြည့်အဝ အစားထိုးတာမျိုး မဟုတ်ဘဲ နည်းလမ်းနှစ်ခုလုံးကို ပေါင်းစပ်အသုံးပြုနေကြတာဖြစ်ပြီး လတ်တလောမှာတော့ တရုတ်နိုင်ငံ ဟာ Google ရဲ့ GraphCast နဲ့ Nvidia တို့လို ကမ္ဘာ့နည်းပညာ အင်အားကြီးတွေနဲ့အတူ AI ရာသီဥတု ခန့်မှန်းရေးကဏ္ဍမှာ ထိပ်တန်းမှ ဦးဆောင်နေပြီလို့လည်း သိရပါတယ်။

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News