[latest_news_marquee]

မြန်မာ-တရုတ် အကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေး MoU လက်မှတ်ရေးထိုး

မြန်မာ-တရုတ် အကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေး MoU ရေးထိုးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သလျန်မြို့တွင် ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကောက်ခွန်ဆိုင်ရာ  အဆင့်မြင့်ဆွေးနွေးပွဲ (APEC Customs Business Dialogue)သို့ မြန်မာနိုင်ငံမှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ- တရုတ် နှစ်နိုင်ငံ အကောက်ခွန်ဌာနများအကြား အကောက်ခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေး နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ ဝန်ကြီး H.E. SUN Meijun မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဒုတိယဝန်ကြီး Mr. Zhang Baofeng က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ကာ ဆွေးနွေးပွဲ၏ ပထမနေ့ နံနက်ပိုင်းတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုမြှင့်တင်ရေး၊ ခေတ်မီအကောက်ခွန် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အစားအသောက် ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်ချိတ်ဆက်မှု ခိုင်မာစေရေးတို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ထို့နောက် ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်အကောက်ခွန်ဌာနမှ ဒုတိယဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် ပျိုးထောင်တည်ဆောက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ် နယ်စပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

APEC ဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် အာရှ-ပစိဖိတ်ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် AI နည်းပညာနှင့် ဒီဂျစ်တယ် စနစ်ပြောင်းလဲခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ၏ တည်ငြိမ်မှု၊  ကြံ့ကြံ့ခံနိုင်မှုနှင့် ကြိုတင်ခန့်မှန်းနိုင်စွမ်းတို့ကို မြှင့်တင်ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

APEC ဆွေးနွေးပွဲသို့ အဖွဲ့ဝင်နိုင်ငံများမှ အကောက်ခွန်၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး ကဏ္ဍများမှ အစိုးရအရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပညာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ_တရုတ်အကောက်ခွန်ဌာနများ, ပူးပေါင်းဆောင်ရွက်မှု, MoU, လက်မှတ်ရေးထိုး,

Photo – MOI

(ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)

Your Ad Here
Ad Size: 336x280 px

More News