၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပြီးခဲ့သည့် ၄ လတာကာလအတွင်း ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့်အရေးယူခံရသည့် နိုင်ငံခြားသားဦးရေဟာ ၇၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်တို့အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအနက်မှ ဗီဇာစည်းကမ်းချိုးဖောက်နေသည့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ ဩဂုတ် ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းမောင် ၏ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားများ ဗီဇာစည်းကမ်းချိုးဖောက်မှုမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်က ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၄(၂)/၁၃(၁)ဖြင့် တရားဆွဲဆို၍ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသူ ၂၁ ဦး၊ ပြည်နှင်ပြီးစီးသူ ၃၄ ဦးရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဧပြီလမှ ဇူလိုင်လအထိ ပထမလေးလတာကာလအတွင်း ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားသည့် နိုင်ငံခြားသား ၆ ဦးရှိရာ ယင်းအနက် ၁ ဦးမှာ ပြစ်ဒဏ်ကျခံလျက်ရှိပြီး ကျန် ၅ ဦးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း Black List ရေးသွင်း၍ ပြည်နှင်ဆောင်ရွက်ပြီးစီးသူ ၇ ဦးရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထို့ပြင် နိုင်ငံခြားသားများ ဗီဇာစည်းကမ်းဖောက်ဖျက်မှုများ မဖြစ်ပွားစေရန်နှင့် တည်ဆဲဥပဒေများကို လိုက်နာရန်အတွက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ နိုင်ငံခြားသားရောက်ရှိနေထိုင်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များရယူခြင်း၊ နိုင်ငံခြားသားများရောက်ရှိလာပါက From C တိုင်ကြားခြင်းအပါအဝင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းနှင့် သတင်းပို့တိုင်ကြားထားခြင်းမရှိသည့် နိုင်ငံခြားသားများ စိစစ်တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
တည်းခိုခွင့်ပြုသည့် အိမ်ရှင်/အာမခံသူများအနေဖြင့်လည်း နိုင်ငံခြားသားရောက်ရှိကြောင်း အစီရင်ခံစာ FROM C ကို ဖြည့်စွက်၍ ၂၄ နာရီအတွင်း သက်ဆိုင်ရာ မြို့နယ် လဝကဦးစီးမှူးရုံးများတွင် တိုင်ကြားရမည်ဖြစ်ကြောင်း၊ ပူးပေါင်းအဖွဲ့များအနေဖြင့်လည်း ဗီဇာများဖြင့်ဝင်ရောက်လာပြီး ရပ်ကွက်၊ နေအိမ် သတ်မှတ်နေရာများတွင် ရောက်ရှိနေထိုင်ခြင်း ရှိမရှိကို ပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဟိုတယ်၊ နေအိမ်၊ ကွန်ဒိုများကို မမှန်မကန် စာရင်းသွင်းတိုင်ကြားမှုများအား အမည်၊ နေရာနှင့်တကွ တိတိကျကျမေးမြန်းလာပါက အသေးစိတ်စစ်ဆေးပြီး မှန်ကန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဗီဇာစည်းကမ်းချိုးဖောက်, အရေးယူ, နိုင်ငံခြားသား,
Photo – MWD






