[latest_news_marquee]

မကာအို၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သုံးပွင့်ဆိုင်ပြပွဲကြီး ပူးတွဲဖွင့်လှစ်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခွင့်အလမ်းများ အတူတကွ တိုးချဲ့ဆောင်ရွက်မည်

“(၃၁) ကြိမ်မြောက် မကာအို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပြပွဲ”၊ “၂၀၂၆ ခုနှစ် ပေါ်တူဂီ စကားသုံးနိုင်ငံများ၏ ကုန်စည်ပြပွဲ (မကာအို)” နှင့် “မကာအို နိုင်ငံတကာကုန်အမှတ်တံဆိပ်နှင့် လုပ်ငန်း ကိုယ်စားလှယ်များဖိတ်ခေါ်ခြင်းပြပွဲ ၂၀၂၆” တို့ကို တရုတ်နိုင်ငံ၊ မကာအိုမြို့၌ အောက်တိုဘာ ၂၁ ရက်တွင် ပူးတွဲ ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခွင့်အလမ်းများကို အတူတကွ တိုးချဲ့ဆောင်ရွက်ရန်အတွက် ပြည်တွင်းပြည်ပ ပြခန်းပေါင်း ၁,၀၀၀ ကျော် ပါဝင်ပြသကြောင်း သိရပါတယ်။

ယခုနှစ် ပြပွဲကြီးများကို “မကာအို၌ စီးပွားရေးလုပ်ငန်းများ စုစည်း၍ ကမ္ဘာနှင့် ချိတ်ဆက် ဆက်သွယ်မည်” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး စုစုပေါင်း ပြပွဲဧရိယာ စတုရန်းမီတာ ၃၀,၀၀၀ ရှိကာ နည်းပညာ ဆန်းသစ်တီထွင်မှု၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများ (Regenerative Blue Economy)၊ အီလက်ထရွန်းနစ် ကုန်သွယ်မှုကဏ္ဍ၊ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် IP (မူပိုင်ခွင့်) အမှတ်တံဆိပ် စသည့် လုပ်ငန်းနယ်ပယ် ကဏ္ဍစုံကို လွှမ်းခြုံပြသထားပါတယ်။

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၊ အစိုးရ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် Wu Huixian က ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ယခုလို သုံးပွင့်ဆိုင်ပြပွဲကြီးသည် နိုင်ငံတကာ ကုန်သွယ်မှု နှင့် စီးပွားရေးဆိုင်ရာ ပြပွဲအခမ်းအနားကြီးတစ်ခု ဖြစ်ရုံမျှမက မကာအို၏ ပြည်တွင်း နှင့် ပြည်ပ ဈေးကွက် များကို ချိတ်ဆက်ပေးသော ကုန်စည်ပြပွဲဆိုင်ရာ ပလက်ဖောင်းကို ပိုမိုပေါ်လွင်စေပါကြောင်း၊ ပြပွဲ ကျင်းပရေးကော်မတီအနေဖြင့် “ပွဲတစ်ခုတည်းကို နေရာနှစ်ခု၌ ပူးတွဲကျင်းပခြင်း” လှုပ်ရှားမှုအစီအစဉ်များ အပါအဝင် “ပြပွဲ+ကွင်းဆင်းလေ့လာမှု+တွေ့ဆုံပွဲ” စသည့် လုပ်ငန်းဆိုင်ရာ အစီအစဉ်များကို ဆက်လက်၍ တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များအကြား လုပ်ငန်း ဆိုင်ရာ ထိရောက်သော ချိတ်ဆက်မှုများ ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း ဆိုပါတယ်။

ယခုနှစ် ပြပွဲတွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မိတ်ဖက်ကွန်ရက်ကို ပိုမို ကျယ်ပြန့်စွာ တိုးချဲ့နိုင်ရန် ပေါ်တူဂီစကားသုံး ၉ နိုင်ငံနှင့် စပိန်၊ အာဂျင်တီးနား၊ ကိုလံဘီယာ စသည့် စပိန်ဘာသာ စကားပြော ၁၁ နိုင်ငံ တို့မှ ကုမ္ပဏီနှင့်အဖွဲ့အစည်းပေါင်း ၃၀ နီးပါး ပါဝင်တက်ရောက်ခဲ့ပြီး၊ မိုဇမ်ဘစ်ကုန်သည်များအသင်း၏ ဥက္ကဋ္ဌ Lucas Chachine က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မကာအိုသည် တရုတ်ပြည်မကြီး၏ စီးပွားရေးကို နောက်ခံပြုထားသော ဒေသတွင်း အားသာချက်များရှိခြင်း၊ ယခုပြပွဲသို့ တက်ရောက်ခြင်းဖြင့် အာဖရိက၏ စီးပွားရေးလုပ်ငန်းများကို တရုတ်ပြည်မကြီးဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အထောက်အကူ ဖြစ်ခြင်း၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့များကိုလည်း အာဖရိကသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါတယ်။

ပြပွဲကာလကို ၄ ရက်ကြာ ကျင်းပမည်ဖြစ်ကာ လုပ်ငန်းဆိုင်ရာ အထူးတွေ့ဆုံပွဲ ၁၀ ပွဲ၊ ကွင်းဆင်းလေ့လာမှု နှင့် ဖိုရမ်များ အပါအဝင် အစီအစဉ်ပေါင်း ၉၀ ကျော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်တွေ့ အကောင်အထည်ဖော်သွားရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News