ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာ သီးခြားကုသဆောင် ၅ ဆောင်တွင် လူနာခုတင် ၂၅၀ ခန့်ဖြင့် ပြင်ဆင်ဆောင်ရွက်နေပြီး ရောဂါကူးစက်မှုဟာလည်း စတင်ဖြစ်ပွားချိန်ကထက် လူနာများလျော့ကျသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။
ဩဂုတ် ၁၇ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်စန်းစန်းဝင်းက “ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း ရာသီအလိုက်ဖြစ်ပေါ်လျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပေါ်လာပါက ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် မည်သို့ စီစဉ်ထားရှိသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဖြေကြားရာ မှာ အခုလိုထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ သီးခြားဆောင်များကို ပြင်ဆင်ထားရာတွင် Combined Medical Ward at Emergency Department (ခုတင် ၆၀ ဆံ့)၊ဆေးကုသဆောင် ၄ (ကုတင် ၃၅ ဆံ့)၊ New Tent (ခုတင် ၆၀ ဆံ့)၊ Isolation Ward (ခုတင် ၂၀ ဆံ့)၊ ကင်ဆာဆောင် ငါးလွှာ (ခုတင် ၅၅ ဆံ့) တို့အဖြစ် အသစ်တိုးချဲ့ထားကာ အဆိုပါ အဆောင်များနှင့် ပုံမှန်လူနာဆောင်များကိုလည်း ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်၊
အသစ်တိုးချဲ့လိုက်သည့် ဝမ်းပျက်ဝမ်းလျှောလူနာကုသဆောင် သီးခြား ၅ ခုအတွက် လိုအပ်သော ဆေးပစ္စည်းများ၊ ရောဂါပိုးကူးစက် ထိန်းချုပ်ရေးပစ္စည်းများ ထပ်မံဖြည့်ဆည်း၍ ဆောင်ရွက်ခြင်း၊ လူနာများ၏ ဝမ်းနမူနာရယူ၍ ကာလဝမ်းရောဂါ (Cholera)စစ်ဆေးဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ (Infection Prevention Control)အတွက် လူနာဆောင်များအတွင်း လူနာစောင့်တစ်ဦးသာ ဝင်ခွင့်ပြုရန်နှင့် လူနာ၏အဝတ်အစားများကို ကလိုရင်းပါသော ပိုးသတ်ဆေးမှုန့်(Bleaching powder) စိမ်ပြီးမှသာ လျှော်ဖွပ်စေရန်၊ အညစ်အကြေးစွန့်ပစ်မှု လုပ်ငန်းလမ်းညွှန် (Waste Disposal guidelines) နှင့်အညီ ဆောင်ရွက်ခြင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ရေတွင်း၊ ရေကန်များကို Chlorine ဆေးခတ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအတွက် ပြင်ပအလှူရှင်များမှ အစားအသောက်များ လာရောက်လှူဒါန်းခြင်းကို ခေတ္တရပ်ဆိုင်းထားခြင်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ရန်ကုန်က မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအနေဖြင့် ဩဂုတ် ၉ ရက်နေ့က စတင်ဖြစ်ပွားကာ ဩဂုတ် ၁၀ ရက်နေ့တွင် ဖြစ်ပွားသူ ၂၉ ဦးရှိကြောင်း၊ ၁၃ ရက်နေ့တွင် လူနာသစ် ၁၀၅ ဦးအထိ အများဆုံးရောက်ရှိပြီး၊ ၁၆ ရက်နေ့တွင် လူနာသစ် ၆၇ ဦးဖြင့် လျော့ကျလာကြောင်း၊ ဩဂုတ် ၁၆ ရက်နေ့အထိ ဆေးရုံတက်ရောက်သည့် လူနာဦးရေ ၅၀၀ ဦးတွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်း လူနာ ၂၇၈ ဦး ရှိသဖြင့် လက်ရှိဆေးရုံများတွင် ဆေးကုသမှုခံယူနေသော လူနာ ၂၂၂ ဦး တက်ရောက်ကုသလျက်ရှိကြောင်းလည်း သိရပါတယ်။
ထို့အတူ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် (Cholera RDT Positive)လူနာ ၁၄၀ ဦးနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ စိစစ် အတည်ပြုထားသည့် Vibrio Cholerae(+)ve လူနာ ၉ ဦးဖြစ်တယ်လို့လည်း တိုင်းအစိုးရ လူမှုရေးဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့ပါတယ်။
Photos- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






