[latest_news_marquee]

မင်္ဂလာဈေးကို ဈေးသစ်ကြီးအဖြစ် စက်တင်ဘာလ အကုန်တွင် အပြီးဆောင်ရွက်ပြီး စည်ပင်သို့ အပ်နှံမယ်လို့ဆို

မင်္ဂလာဈေးကို ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေမှုကို လာမယ့် စက်တင်ဘာလ အကုန်တွင် အပြီးဆောင်ရွက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အပ်နှံမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၁၇ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ သုံးခွမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးလှဌေးက “မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီးကို ဆောက်လုပ်သူက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မည်သည့် ရက်၊ လ၊ နှစ်တွင် နောက်ဆုံးထားအပ်နှံမည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်ရက်၊ လ၊ ကာလအတိုင်းအတာတွင် မင်္ဂလာဈေးကြီး ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း” မေးမြန်းခဲ့မှုအပေါ် စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က “မီးသင့်လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးကို ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် တင်ဒါအောင်မြင်သော Sun Myat Tun Construction Co., Ltd. တို့ အကျိုးတူပူးပေါင်း၍ တည်ဆောက်ခဲ့ရာ ကုမ္ပဏီအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ အကုန်တွင် အပြီးဆောင်ရွက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အပ်နှံမှာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါ တယ်။

ထို့အပြင် စည်ပင်သာယာရေးကော်မတီအနေဖြင့် လွှဲပြောင်းလက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လက်ခံဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုခဲ့ပါတယ်။

ထို့အတူ မြေပြင်တွင်လည်း ဈေးဆိုင်ခန်းများအတွက် မြို့ပြဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ရေပေးဝေရေးနှင့် မိလ္လာလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ပေးရန်နှင့် ဈေးဆိုင်ခန်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာဖြစ်သော Transformer နှင့် Generator အထိုင်ချ တပ်ဆင်ခြင်း၊ ဓာတ်လှေကားတပ်ဆင်ခြင်း လုပ်ငန်းများ၊ Level-8 အမိုးမိုးခြင်း လုပ်ငန်းများအပါအဝင် မင်္ဂလာဈေးကြီး ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်စွာဖြင့် အမြန်ပြီးစီးနိုင်ရေး စဉ်ဆက်မပြတ် တွန်းအားပေးကြပ်မတ် လျက်ရှိတယ်လို့လည်း ဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

(Photo – MOI)မင်္ဂလာဈေးသစ်ကြီးတည်ဆောက်နေမှု 

Your Ad Here
Ad Size: 336x280 px

More News