ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းမှ စ၍ ဇူလိုင် ၁၄ ရက်နေ့အတွင်း မိုးကြီးခြင်းဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၇/၂၀၂၆)ဖြင့်ထုတ်ပြန်ထားပါတယ်။
မိုးဇလရဲ့ ဇူလိုင်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီအချိန် ထုတ်ပြန်ချက်၌ ယနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့််လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း ယခုလို မိုးကြီးမယ့်ဖြစ်စဉ် ဖြစ်ပေါ်နိုင်တာလို့ ဆိုထားပါတယ်။
မိုးကြီးမယ့် ဒေသများအဖြစ် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလမှ ဆိုထားပါတယ်။
ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၄ ပေခန့် ရှိနိုင်တယ်လို့လည်း သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလမှ အသိပေးထားပါတယ်။
မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက “လာမယ့် ဇူလိုင်လ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်တို့တွင် တနင်္သာရီဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ လက်ရှိရွာသွန်းနေတဲ့နှုန်းထက် မိုးပိုလာပါမယ်။ တနင်္သာရီတိုင်းနဲ့ မွန်၊ ကရင် အောက်ပိုင်း ဒေသတွေမှာ ထူးကဲမိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရန်ကုန်ကမ်းရိုးတန်း၊ မွန်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေနဲ့ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်မှာ လေပြင်းတွေ သိသိသာသာ တိုက်ခတ်ပါမယ်။ မိုးသည်းထန်ပါမယ်။ တွက်ချက်ရရှိသလောက် အချက်အလက်တွေအရဆိုရင် ရွာသွန်းမြဲထက် ၃ ဆမှ ၄ ဆခန့် မိုးပိုရွာနိုင်ပါတယ်။ အဲ့ဒီဒေသတွေဟာ တောင်တန်းဒေသတွေ ဖြစ်တာကြောင့် မိုးသည်းထန်တာနဲ့အမျှ တောင်ကျရေတွေ စီးကျလာပြီး မြေပြိုတာ၊ လျှပ်တပြက် ရေလျှံတာတွေ ဖြစ်ပေါ်နိုင်ခြေ ရှိတဲ့အတွက် ကြိုတင် သတိထားနိုင်ဖို့ အသိပေးလိုက်ပါတယ်”လို့ သုံးသပ်ပြောကြားထားပါတယ်။
Photos – MFN, မိုးဇလ






