အသံချဲ့စက်အသုံးပြုသူများနှင့်ပတ်သတ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။
ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ်များပေါ်၌ အသံချဲ့စက်များတပ်ဆင်ကာ အသံကျယ်လောင်စွာဖွင့်လှစ်၍ အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် မောင်းနှင်သွားလာနေမှုများကို အထူးစီမံချက်ဖြင့် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိမရှိနှင့် အသံညစ်ညမ်းမှုထိန်းချုပ်ရေး နည်းဥပဒေ (သို့မဟုတ်) စည်းမျဉ်းစည်းကမ်းများကို ပြဌာန်း၍ ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ရန်သော်လည်းကောင်း၊ ဥပဒေကြမ်းရေးဆွဲပြီး တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းရန်သော်လည်းကောင်း အစီအစဉ် ရှိမရှိကို ဩဂုတ် ၂၆ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး၌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦး၏ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
ဝန်ကြီးက လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမကြီးများပေါ်၌ အသံချဲ့စက်(လော်စပီကာ)များဖြင့် စည်းကမ်းမဲ့အသံဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများမှတဆင့် ၂၀၁၂ ခုနှစ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဈ)ဖြင့်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ ပုဒ်မ ၁၄(ဂ)၊ အပိုဒ်ခွဲ (၁၊၂၊၃၊၄) တို့ဖြင့်လည်းကောင်း၊ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
အလားတူ အသံချဲ့စက်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လည်း ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၈)အရ အသံချဲ့စက်ဖွင့်လိုသူများသည် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့်ရယူရမည်ဟု ပါရှိသည့်အတိုင်း အသံချဲ့စက်ဖွင့်လှစ်မှုကို ရပ်/ကျေးဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝန်ကြီးမှ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍လည်း ရာဇသတ်ကြီးပုဒ်မ ၂၉၄ သည် အများပြည်သူရှေ့တွင် ညစ်ညမ်းစွာပြုမူခြင်း၊ ဆဲဆိုခြင်း (သို့မဟုတ်) သီချင်းသီဆိုခြင်းဖြင့် အခြားသူများ၏ စိတ်ကို ထိခိုက်ငြိုငြင်စေမှုကို တားမြစ်သော ပြဋ္ဌာန်းချက်ဖြစ်ပြီး ဆဲမှုဟုလည်း လူသိများကာ အများဆုံးထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပြဌာန်း ထားပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း တို့ကိုလည်း ဝန်ကြီးမှ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
အသံချဲ့စက်, မော်တော်ယာဉ်, စည်းကမ်းမဲ့အသံဆူညံစွာဖွင့်လှစ်,
Photo – နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန






