ရန်ကုန်။ ၂၀၂၆ ၊ ဩဂုတ် ၃၀ ရက်
ကရင်ပြည်နယ်သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့် ၃၆၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ခရီးစဉ်ဒေသများတွင် ရသေ့ပျံဂူနှင့် အာလဝံအင်းခရီးစဉ်များကို ခရီးသွားများ ပိုမိုစိတ်ဝင်စားကာ လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးခွဲမှ သိရပါတယ်။
အဆိုပါကာလအတွင်း ပြည်တွင်းခရီးသွား ၃၆၀,၀၀၀ ကျော်နှင့် ပြည်ပခရီးသွား ၃၅၁ ဦး လာရောက်လည်ပတ်ခဲ့ပြီး ကုန်ခဲ့တဲ့၂၀၂၅ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၇ သိန်းဝန်းကျင်နှင့် ပြည်ပခရီးသွား ၄၀၀ ကျော်ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
“အဓိကကတော့ ခရီးစဉ်တွေ အတော်များများက သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ခရီးစဉ်တွေများပါတယ်။ ဒါကြောင့် လက်ရှိခရီးစဉ်တွေရော ထပ်မံဖော်ဆောင်မယ့် ခရီးစဉ်အသစ်တွေမှာရော ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဌာနက လိုအပ်တဲ့ဟာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးတည်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိ ခရီးစဉ်များတွင်လည်း ရသေ့ပျံဂူနှင့် အာလဝံအင်းခရီးစဉ်များကို အဓိက လူကြိုက်များလျက်ရှိကြောင်း၊ ဒီဇင်ဘာလအထိ ရေလမ်းကြောင်းရှိသည့်အတွက် ရေလမ်းကြောင်းတွင် ခရီးသွားဧည့်သည်များ လှည့်လည်ကြည့်ရှုနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်မှစတင်၍ ဒေသခံများဖြင့်ပူးပေါင်းကာ ဝါးဖောင်များဖြင့် စမ်းသပ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတွင် စက်တပ်ဆင်ထားသည့် ဝါးဖောင် ၂၈ စီးအထိ ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ထို့အပြင် ဖောင်တစ်စီးလျှင် လူ ၇ ဦးလိုက်ပါစီးနင်းနိုင်ပြီး နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စီးနင်းနိုင်ကြောင်း၊ နေ့စဉ်ခရီးသွားဧည့်သည် ၁၅၀၀ ဦး မှ ၂,၀၀၀ ဦးကြားကို ဝါးဖောင်ဖြင့် ရသေ့ပျံဂူပတ်ပတ်လည်ကို လှည့်လည်ပြသဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များအနေဖြင့် စိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်နိုင်ကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း လုံခြုံရေး၊ သန့်ရှင်းရေးနှင့်ခရီးသွားဝန်ဆောင်မှုများကို စနစ်တကျ မြှင့်တင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ခရီးသွား, ကရင်ပြည်နယ်, ရသေ့ပျံဂူ, အာလဝံအင်း, Tourism,
Photo – MRTV






