မြန်မာ့ဒေသထွက်ပျားရည်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် ပြင်ဆင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောပါတယ်။
လက်ရှိတွင် မြန်မာ့ပျားရည်အား ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ဆော်ဒီ Food and Drug Authority တွင် မှတ်ပုံတင်ထားပြီး တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
“ဆော်ဒီအာရေးဗီးယားနိုင်ငံကို တင်ပို့နိုင်ဖို့အတွက်လည်း ဆော်ဒီ Food and Drug Authority မှာ မှတ်ပုံတင်ထားပြီးတော့ တင်ပို့နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ သဘာဝငှက်သိုက်နဲ့ မွေးမြူထုတ်လုပ်တဲ့ ငှက်သိုက်တွေကို တင်ပို့နိုင်ရေးအတွက်လည်း GACC နဲ့ ဆွေးနွေးဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့လုပ်ဆောင်ရမယ့် ပြည်တွင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာရှိပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံထွက် ပျားရည်ကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ထိုင်ဝမ်ဒေသတို့သို့ အဓိကတင်ပို့နေပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ ပြည်ပသို့ ပျားရည်တန်ချိန် ၁,၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
“ပျားရည်ကနေ ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့ပါတယ်။ ဒါကြောင့် ပျားရည်တွေ တိုးချဲ့တင်ပို့နိုင်ဖို့ကိုလည်း National Residue Monitoring Plan ကနေပြီးတော့ Plan ချမှတ်ထားတာ ရှိပါတယ်။ GMP တို့၊ HACCP တို့၊ FSC Certificate တွေ ရရှိအောင်လည်းပဲ ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီပျားရည်တွေကို တရုတ်နိုင်ငံ တင်ပို့နိုင်ဖို့အတွက်လည်း တရုတ်နိုင်ငံရဲ့ GACC မှာ မှတ်ပုံတင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ထားတာရှိပါတယ်”လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင်လည်း မွေးမြူရေးထုတ်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဝယ်ယူသည့်နိုင်ငံများ၏ အရည်အသွေးပိုင်းဆိုင်ရာနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များ၊ သဘောတူညီချက် စာချုပ်များချုပ်ဆိုခြင်း အပါအဝင် BAP လက်မှတ်များ ရရှိရန်လည်း ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
Photos – MOI






