[latest_news_marquee]

“ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

“ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ် (“World in the Same Frame • A Wonderful Encounter with Baoshan” 2026 Overseas Media Baoshan Tour) လှုပ်ရှားမှုကို ဇူလိုင်လ (၃၁) ရက်နေ့က ယူနန်ပြည်နယ်၊ ထိန်ချုန်းမြို့ (Tengchong) တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသော နိုင်ငံများမှ သတင်းထောက်များနှင့် ဆိုရှယ်မီဒီယာ ဖန်တီးသူ (၁၉) ဦးတို့သည် အတွေ့အကြုံမျှဝေပွဲသို့ တက်ရောက်ခဲ့ကြပြီး ပေါင်ရှန်းမြို့ (Baoshan) ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များနှင့် ရရှိခဲ့သော ဗဟုသုတများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ ပေါင်ရှန်းမြို့၏ အရှိတရားအတိုင်း တက်ကြွလှပပြီး စုံလင်ကွဲပြားသော သတင်းအချက်အလက်များကို မိမိတို့၏ မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာသို့ မျှဝေသွားမည်ဟု ပြောကြားခဲ့ကြပါသည်။

အဆိုပါ မျှဝေပွဲကို တရုတ်ကွန်မြူနစ်ပါတီ၊ ပေါင်ရှန်းမြို့ ကော်မတီ ပြန်ကြားရေးဌာန၏ လမ်းညွှန်မှု၊ ပေါင်ရှန်းမြို့ နိုင်ငံတကာ ဆက်ဆံရေးစင်တာ၏ ဦးစီးကျင်းပမှုတို့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံတကာမီဒီယာများသည် ပေါင်ရှန်းမြို့၏ လုံယန်ခရိုင် (Longyang)၊ လုံလင်ခရိုင် (Longling) နှင့် ထိန်ချုန်းမြို့တို့သို့ သွားရောက်ကာ ဒေသထွက်ကုန် စက်မှုဇုန်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစခန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြကွက်များ၊ သမိုင်းဝင် ရှေးဟောင်းမြို့များနှင့် သဘာဝဂေဟစနစ် ခရီးသွားနေရာများကို လေ့လာခဲ့ကြပါသည်။ ထို့ကြောင့် ပေါင်ရှန်းမြို့၏ ဒေသထွက်ကုန် လုပ်ငန်းများ၊ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ပြင်ပဆက်ဆံရေး အောင်မြင်မှုများကို ဘက်ပေါင်းစုံမှ အနီးကပ် လေ့လာခွင့်ရရှိခဲ့ကြပါသည်။

မီဒီယာကိုယ်စားလှယ် အများအပြားက ပေါင်ရှန်းမြို့၏ သာယာလှပသော သဘာဝပတ်ဝန်းကျင်နှင့် နက်ရှိုင်းသော ယဉ်ကျေးမှု အမွေအနှစ်များကို တွေ့မြင်ခဲ့ရရုံမျှမက ဒေသထွက်ကုန် လုပ်ငန်းများ၏ စီးပွားရေးပုံစံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အသေးစိတ် လေ့လာခွင့်ရခဲ့သည်ဟု ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ Golden Phoenix သတင်းစာမှ ဒေါ်မေသက်ထွန်းက “ဒီခရီးစဉ်မှာ အမှတ်ရစရာအကောင်းဆုံးကတော့ ပေါင်ရှန်းမြို့ဟာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း စက်မှုလုပ်ငန်းတွေကိုပါ ဆန်းသစ်တီထွင် သွားနိုင်တာပါပဲ။ ပေါင်ရှန်းရဲ့ အာရေဘီကာ (Arabica) ကော်ဖီလုပ်ငန်း၊ ယွန်းဇီ (Yongzi) ပြုလုပ်သည့် နည်းပညာ၊ သစ်ခွ (Shihu) စိုက်ပျိုးထုတ်လုပ်မှု အပြည့်အဝ ဖွံ့ဖြိုးတိုးတက်မှုကနေ ထိန်ချုန်းမြို့ရဲ့ ဟယ်ရွှင့်(Heshun) ရှေးဟောင်းမြို့မှာ ထိန်းသိမ်းထားတဲ့ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားများ၏ ယဉ်ကျေးမှုအထိ ပေါင်ရှန်းရဲ့ သမိုင်းဝင်ယဉ်ကျေးမှုနဲ့ ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုတို့ ဟန်ချက်ညီညီ ပေါင်းစပ်ထားတာကို ထင်ဟပ်နေပါတယ်။ နောက်ပိုင်းမှာလည်း မြန်မာစာဖတ်သူတွေအတွက် ပေါင်ရှန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံနဲ့ ယဉ်ကျေးမှု ဆွဲဆောင်မှုတွေကို သတင်းတွေကနေတစ်ဆင့် မိတ်ဆက်ပေးသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

မြန်မာ့သတင်းစဉ် (MNA)မှ သတင်းထောက် ဦးသန်းမင်းအောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ အသံလွှင့်နည်းပညာကျွမ်းကျင်သူ (အဆင့်-၁) ခွန်နေဝင်း နှင့် Paukphaw Monthly ၏ အယ်ဒီတာချုပ် ဦးရဲနိုင်စိုး တို့အပါအဝင် မြန်မာမီဒီယာသမားများက ပေါင်ရှန်းမြို့နှင့် မြန်မာနိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယဉ်ကျေးမှုချင်း ပေါင်းကူးဆက်နွယ်မှုရှိကြောင်း၊ ကော်ဖီ၊ လက်ဖက်၊ အထူးစိုက်ပျိုးရေးနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်း အများအပြားရှိကြောင်း ပြောကြားခဲ့ကြပါသည်။ ယခုခရီးစဉ်သည် တစ်ဦးနှင့်တစ်ဦး နားလည်မှုကို တိုးတက်စေသည့်အပြင် တရုတ်-မြန်မာ မီဒီယာများအကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး အနာဂတ်တွင် ယဉ်ကျေးမှုနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တံတားသစ်တစ်ခုကို ဆောက်လုပ်ပေးနိုင်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှ ခရီးသွားယဉ်ကျေးမှု ဆိုရှယ်မီဒီယာ ဘလော့ဂါ Xiao Qing က လုံကျန်း (Longjiang) ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသော လူငယ်များ၏ စီးပွားရေးတီထွင်မှု သမိုင်းကြောင်းကို အထူးစိတ်ဝင်စားခဲ့ပါသည်။ သူမက ဒေသတွင်း ကော်ဖီလုပ်ငန်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်းကို အကွက်စေ့စေ့ ပေါင်းစပ်ထားကြောင်း၊ သဘာဝရှုခင်း၊ ဒေသထွက်ကုန်နှင့် လူငယ်များ၏ တီထွင်ဖန်တီးမှုကို ပေါင်းစပ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် အင်အားသစ်များ ဖြည့်ဆည်းပေးထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပန်းချောင် ချင်းလုန်း လမ်းမကြီး (Banchiao Qinglong Street) နှင့် ထိန်ချုန်း ဟယ်ရွှင့်ရှေးဟောင်းမြို့တို့၏ နက်ရှိုင်းသော သမိုင်းဝင် ယဉ်ကျေးမှု အငွေ့အသက်များ၊ ကြွယ်ဝသော ဒေသအစားအစာများနှင့် စစ်မှန်သော လူနေမှုဘဝ ပုံရိပ်များက ပေါင်ရှန်းမြို့၏ သီးသန့်ဆွဲဆောင်မှုကို ခံစားရစေသည်ဟု ဆိုပါသည်။

တရုတ်နိုင်ငံတွင် ပါရဂူဘွဲ့ သင်ယူနေသော ဗီယက်နမ် ကျောင်းသူနှင့် ဘလော့ဂါ Feng Shi Cang ကလည်း ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အယူအဆအသစ်များကို နားလည်စေခဲ့ကြောင်း၊ အထူးသဖြင့် လုံကျန်းကျေးရွာမှ ပြန်လည်ရောက်ရှိလာသော လူငယ်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ထိန်ချုန်းမြို့၏ နက်ရှိုင်းသော ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွားများ၏ ယဉ်ကျေးမှုတို့သည် အမှတ်တရများ ကျန်ရစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်တွင် သူမ၏ ဗီဒီယိုပလက်ဖောင်းများမှတစ်ဆင့် ပေါင်ရှန်းမြို့၏ အလှအပ၊ အစားအစာနှင့် ယဉ်ကျေးမှုများကို ဗီယက်နမ် အင်တာနက်အသုံးပြုသူများထံ မျှဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ RTV ရုပ်မြင်သံကြားမှ အထက်တန်းသတင်းထောက် A. R. Badal (Md. Abdur Rahman Badal) က တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယူနန်ပြည်နယ် ပေါင်ရှန်းမြို့သို့ ရောက်ရှိကာ တရုတ်နိုင်ငံ အနောက်တောင်ဘက်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိခဲ့ရသည်ဟု ပြောကြားခဲ့ပါသည်။ ဒေသထွက်ကုန် လုပ်ငန်းများ၊ ကျေးလက်ဒေသ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့သည် အလွန်အမင်း အမှတ်ရစရာဖြစ်ခဲ့ပြီး ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ မီဒီယာ ဖလှယ်ပွဲများသည် နိုင်ငံအသီးသီးမှ မီဒီယာများအကြား သင်ယူလေ့လာခွင့်ရရုံမျှမက ခရီးသွားလုပ်ငန်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း နားလည်မှုတို့ကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

လာအိုနိုင်ငံ Pasaxon သတင်းစာမှ သတင်းထောက် Chanthamaitry Thepsimeuang က ရက်ပိုင်းမျှသာ ကြာမြင့်ခဲ့သော ခရီးစဉ်အတွင်း ပေါင်ရှန်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို နက်နက်ရှိုင်းရှိုင်း လေ့လာခွင့်ရခဲ့ပြီး တရုတ်ပြည်သူများ၏ နွေးထွေးပျူငှာမှုကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ သတင်းယူသည့် လှုပ်ရှားမှု ပြီးဆုံးသွားသော်လည်း မီဒီယာများအကြား ဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်သွားမည်မဟုတ်ကြောင်းနှင့် အနာဂတ်တွင် ပေါင်ရှန်းမြို့သို့ နောက်တစ်ကြိမ် လာရောက်ကာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ပြုလုပ်လိုကြောင်း မျှော်လင့်ချက်စကား ဆိုခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ပေါင်ရှန်းမြို့ ကော်မတီ ပြန်ကြားရေးဌာနမှ အရာရှိ Zhao Jianwen က နိုင်ငံလေးခုမှ မီဒီယာသမားများ တောင်တန်းပင်လယ်များကို ဖြတ်ကျော်ကာ ဆုံစည်းခဲ့ကြပြီး ကျွမ်းကျင်သော ရှုထောင့်မှ ဒေသဖွံ့ဖြိုးတိုးတက်မှုကို မှတ်တမ်းတင်ကာ ဒေသ၏ အလှအပများကို ရိုက်ကူးခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ ပေါင်ရှန်းမြို့၏ သဘာဝဂေဟစနစ်၊ ကျေးလက်ဖွံ့ဖြိုးရေး၊ စက်မှုလုပ်ငန်းများနှင့် ပြင်ပဆက်ဆံရေး စသည့် သက်ဝင်လှပသော အလေ့အထများကို ဘက်ပေါင်းစုံမှ ပုံဖော်ပေးခဲ့သည့်အတွက် ရလဒ်ကောင်းများစွာ ရရှိခဲ့ပြီး အဓိပ္ပာယ် နက်ရှိုင်းခဲ့သည်ဟု ဆိုပါသည်။ ယခုလှုပ်ရှားမှုကို တံတားတစ်စင်းအဖြစ် အသုံးပြုကာ မီဒီယာများအကြား ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုများပြားသော နိုင်ငံတကာပြည်သူများအား စစ်မှန်ပြီး သက်ဝင်လှပသော ပေါင်ရှန်းမြို့ကို တွေ့မြင်နိုင်စေရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

အတွေ့အကြုံမျှဝေပွဲတွင် မီဒီယာသမား အများအပြားက ပေါင်ရှန်းကော်ဖီသည် ယခုသတင်းယူခရီးစဉ်အတွင်း အမှတ်ရစရာ အကောင်းဆုံး ဒေသထွက်ကုန်တစ်ခုဖြစ်ကြောင်း တညီတညွတ်တည်း ပြောကြားခဲ့ကြပါသည်။ ကော်ဖီစိုက်ပျိုးရေး စခန်းများမှသည် အဆင့်မြင့် ပြုပြင်မွမ်းမံသည့် စက်ရုံများ၊ လုံကျန်းကျေးရွာရှိ ကော်ဖီဆိုင်များအထိ ခရီးလှည့်လည်စဉ် အရသာထူးခြားသော ပေါင်ရှန်းအာရေဘီကာ ကော်ဖီကို မြည်းစမ်းခဲ့ရရုံမျှမက “ပါတီအဖွဲ့အစည်း + စီးပွားရေးလုပ်ငန်း + သမဝါယမ + စိုက်ပျိုးရေးစခန်း + တောင်သူ” အစရှိသော ဒေသခံများကို လက်တွဲခေါ်ဆောင်သည့် စနစ်မှတစ်ဆင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်နေသည့် ပုံစံများကို အသေးစိတ် လေ့လာခွင့်ရခဲ့သဖြင့် ပေါင်ရှန်း၏ ဒေသထွက်ကုန်နှင့် ကျေးလက်ဖွံ့ဖြိုးရေး ပေါင်းစပ်မှုအပေါ် မှတ်ချက်ကောင်းများပေးခဲ့ကြပါသည်။

ဒေသထွက်ကုန် ဖွံ့ဖြိုးတိုးတက်မှုအပြင် ပေါင်ရှန်းမြို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေဆက်ခံခြင်းနှင့် သဘာဝဂေဟစနစ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကိုလည်း နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြပါသည်။ ယွန်းဇီ (Yongzi) ပြုလုပ်သည့် နည်းပညာ၊ ဝူထုန်းကျိုးယင်း (Wutong Zouyin) ငွေထည်အနုပညာ၊ ကျားမား (Jiama) သစ်သားပုံနှိပ်ပန်းချီများမှသည် ဟယ်ရွှင့် ရှေးဟောင်းမြို့၊ ရဲဟိုင် (Rehai) ရေပူစမ်းနှင့် ခေါင်းလီကုန်းဆန်း (Gaoligongshan) လက်ဖက်စိုက်ပျိုးရေး ဥယျာဉ်အထိ ပေါင်ရှန်းမြို့သည် ထိန်းသိမ်းခြင်းနှင့် အသုံးချခြင်းကို ဒွန်တွဲဆောင်ရွက်လျက်ရှိပြီး သမိုင်းဝင်အမွေအနှစ်များကို ထိန်းသိမ်းရင်း ရိုးရာယဉ်ကျေးမှုများကို သက်ဝင်လှုပ်ရှားစေကာ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သုံးသပ်ခဲ့ကြပါသည်။

ခရီးစဉ်ကာလအတွင်း နိုင်ငံလေးခုမှ သတင်းထောက်များသည် သတင်းယူရုံမျှမက ဖလှယ်ဆွေးနွေးမှုများမှတစ်ဆင့် ရင်းနှီးသော ချစ်ကြည်ရေးကို တည်ဆောက်နိုင်ခဲ့ကြပါသည်။ အားလုံးက ယခုလှုပ်ရှားမှုသည် သတင်းယူရုံမျှမက ယဉ်ကျေးမှုဖလှယ်ရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် ချစ်ကြည်ရေး ခိုင်မာစေရေး ခရီးစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

မျှဝေပွဲအပြီးတွင် တက်ရောက်လာသော မီဒီယာကိုယ်စားလှယ်များသည် ဆုတောင်းကတ်များတွင် စာရေးသားကာ အပြန်အလှန် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ပေါင်ရှန်းခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ (၅) ရက်တာ သတင်းယူခရီးစဉ် ပြီးဆုံးသွားသော်လည်း အားလုံးက ယခုလှုပ်ရှားမှုကို စတင်မှတ်အသစ်အဖြစ် သတ်မှတ်ကာ နိုင်ငံတကာ မီဒီယာများအကြား ဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု သတင်းများကို အတူတကွ ပုံဖော်ကာ ပြည်သူများအကြား နားလည်မှုကို တိုးတက်စေလျက် ချစ်ကြည်ရေး စာမျက်နှာသစ်ကို ဆက်လက်ရေးထိုးသွားရန် သဘောတူညီခဲ့ကြပါသည်။


Photos – CNS

Your Ad Here
Ad Size: 336x280 px

More News