[latest_news_marquee]

နိုင်ငံတကာ မီဒီယာများ ပေါင်ရှန်း၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခဲ့ကြပြီး နှစ်ထောင်ချီ သက်တမ်းရှိ လက်မှုပညာနှင့် ရှေးဟောင်းကုန်သွယ်ရေးလမ်းမ၏ အလှတရားကို ကြည့်ရှုခံစားခဲ့ကြ

ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းတွင် “ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ်သို့ ပါဝင်တက်ရောက်လာကြသော တရုတ်နှင့် နိုင်ငံတကာ မီဒီယာသတင်းထောက်များသည် ပေါင်ရှန်း (Baoshan) ၏ ယွန်းဇီ (Yongzi) ယဉ်ကျေးမှုဥယျာဉ်၊ ပန်းချောင် ချိန်းလုန်း လမ်းဟောင်း (Banqiao Qinglong Street)၊ Sibaozhai Wutong Zouyin ရိုးရာလက်မှုပညာ လက်ဆင့်ကမ်း ထိန်းသိန်းရေးစင်တာနှင့် Jiama သစ်သားပန်းပု ပုံနှိပ်အတတ်ပညာ လက်ဆင့်ကမ်းထိန်းသိမ်းရေးစင်တာတို့သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

သတင်းထောက်များသည် ပေါင်ရှန်း၏ နက်ရှိုင်းသော သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ထူးခြားသည့် ဆွဲဆောင်မှုကို အနီးကပ် လေ့လာခွင့်ရရှိခဲ့ကြသည့်အပြင် ဒေသတွင်း ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှု-ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများကိုပါ အကျယ်တဝင့် လေ့လာခဲ့ကြပါသည်။

ခရီးစဉ်၏ ပထမဆုံးနေရာအဖြစ် ယွန်းဇီယဉ်ကျေးမှုဥယျာဉ်သို့ သွားရောက်ခဲ့ကြပါသည်။ ပေါင်ရှန်းမြို့ ယွန်းဇီယဉ်ကျေးမှုလုပ်ငန်းစု၏ အထွေထွေမန်နေဂျာ၊ ယွန်းဇီ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံသူနှင့် (၁၃) ကြိမ်မြောက်နှင့် (၁၄) ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) ကိုယ်စားလှယ် Li Guowei က မီဒီယာသတင်းထောက်များအား Go (Weiqi) နယ်မြေကစားနည်းသုံး ယွန်းဇီ (Yongzi) ကျောက်ခဲများ၏ သမိုင်းကြောင်း၊ ထုတ်လုပ်မှုနည်းပညာ၊ ယဉ်ကျေးမှုအနှစ်သာရနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အသေးစိတ် မိတ်ဆက်ပေးခဲ့ပါသည်။

Li Guowei ၏ ပြောကြားချက်အရ Yongzi ဟူသော အမည်သည် ရှေးဟောင်းယုံချန် (လက်ရှိ ပေါင်ရှန်းမြို့) မှ ဆင်းသက်လာခြင်းဖြစ်ပြီး ထန် မင်းဆက်ခေတ်ကတည်းက စတင်ခဲ့ရာ နှစ်ပေါင်း ၁၂၀၀ ကျော် သမိုင်းကြောင်း ရှိခဲ့ပြီဖြစ်ကြောင်း၊ မင် မင်းဆက်ခေတ်တွင် ရိုးရာအတတ်ပညာကို အခြေခံ၍ ပေါင်ရှန်းမှ ထွက်ရှိသော နန့်ဟုန် အဂိတ်ကျောက်၊ ဟွမ်းလုန်း ကျောက်စိမ်းနှင့် အမည်းရောင်ကျောက်စိမ်း စသည့် သဘာဝသတ္တုရိုင်းများကို ပင်မကုန်ကြမ်းအဖြစ် အသုံးပြုကာ လျှို့ဝှက်စပ်နည်းနှင့် ရိုးရာလက်မှုနည်းပညာတို့ဖြင့် မီးဖုတ်ပြုလုပ်ခဲ့ကြကြောင်း၊ Yongzi ကျောက်ခဲများသည် ခိုင်မာမာကျောပြီး အရောင်ဝင်းလက်ကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်သည့် ဂုဏ်သတ္တိရှိကြောင်း၊ ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြကာ ထိတွေ့ရာတွင် သက်သောင့်သက်သာရှိသဖြင့် Yongzi ကို ‘Go (Weiqi) ကျောက်ခဲများ၏ မြင့်မြတ်သော ရတနာ’ ဟု တင်စားကြပြီး မင်းဆက်အဆက်ဆက် ရာဇဝင်တွင် မင်းဧကရာဇ်ထံ ဆက်သသော ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြကာ ၎င်းကို ၂၀၂၁ ခုနှစ်တွင် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ကြောင်း သိရပါသည်။

ရှင်းလင်းပြောကြားချက်များအရ ယွန်းဇီ (Yongzi) ကျောက်ခဲများ ပြုလုပ်ရာတွင် အဆင့်ပေါင်း ၁၀၀ ကျော်ကို ဖြတ်သန်းရပြီး ကျောက်ခဲ တစ်ခုစီကို ပုံစံခွက်မသုံးဘဲ လက်မှုနည်းပညာဖြင့်သာ ပုံဖော်ကြရကြောင်း၊ အပူချိန်၊ အလေးချိန်နှင့် အရွယ်အစားတို့ကို အလွန်တိကျစွာ ထိန်းချုပ်ရန် လိုအပ်သောကြောင့် သင်တန်းသားတစ်ဦးအနေဖြင့် အတတ်ပညာအားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်ရန် အနည်းဆုံး ၆ နှစ်ခန့် အချိန်ယူရကြောင်း သိရပါသည်။

လက်ရှိတွင် ပေါင်ရှန်းမြို့သည် Yongzi အမှတ်တံဆိပ်ကို အခြေပြု၍ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဦးတည်သည့် နိုင်ငံတကာ Go (Weiqi) ယဉ်ကျေးမှု ဖလှယ်ရေး စင်တာတစ်ခု ဖြစ်လာစေရေးအတွက် အရှိန်အဟုန်မြှင့် တည်ဆောက်လျက်ရှိပြီး Go (Weiqi) ယဉ်ကျေးမှု၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ဖွံ့ဖြိုးစေကာ နှစ်ထောင်ချီ သက်တမ်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို သက်ဝင်လှုပ်ရှားမှုအသစ်များ ဆက်လက် ဖန်တီးပေးလျက်ရှိပါသည်။

ထို့နောက် သတင်းထောက်များသည် ရှေးဟောင်းသမိုင်းဝင် ပန်းချောင် ချိန်းလုန်း လမ်းဟောင်း (Banqiao Qinglong Street) သို့ သွားရောက်ခဲ့ကြပါသည်။ ချိန်းလုန်းလမ်းကို မင် မင်းဆက် ဟုန်းဝူ (Hongwu) လက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး အပြာရောင်နဂါးဝပ်စင်းနေသည့် ပုံသဏ္ဌာန်ရှိ၍ ဤအမည် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် တောင်ပိုင်း ပိုးလမ်းမကြီး၏ ယုံချန်လမ်းပိုင်းတွင် အရေးပါသော နေရာတစ်ခုဖြစ်ပြီး ရှေးခေတ် ယူနန်အနောက်ပိုင်း၏ ထင်ရှားသော ကုန်သွယ်ရေးမြို့စင်တာတစ်ခုလည်း ဖြစ်ခဲ့ကာ “ယူနန်အနောက်ပိုင်း၏ အကြီးဆုံး ဈေးကြီး” ဟု တင်စားခြင်းခံခဲ့ရပါသည်။ လမ်းဟောင်းမှာ ၈၇၅ မီတာ ရှည်လျားပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပြီးနောက် ရိုးရာဗိသုကာလက်ရာများနှင့် သမိုင်းဝင်အဆောက်အအုံများကို ထိန်းသိမ်းထားသည့်အပြင် ခေတ်မီယဉ်ကျေးမှု ခရီးသွားလုပ်ငန်း အစိတ်အပိုင်းများကိုပါ ပေါင်းစပ်ထည့်သွင်းထားပါသည်။ ရှေးဟောင်း ကျောက်ခင်းလမ်းအတိုင်း လမ်းလျှောက်ရင်း သမိုင်းဝင် ရှေးဟောင်းနေအိမ်များနှင့် ဒေသထွက်ကုန် အရောင်းဆိုင်များသည် လှပစွာ ဒွန်တွဲနေပြီး နှစ်ထောင်ချီ ကာလက ရှေးခေတ် လက်ဖက်-မြင်း လမ်းမကြီးတစ်လျှောက် ကုန်သည် မြင်းအုပ်စုများ၏ ပဲ့တင်သံများကို ကြားရသကဲ့သို့ ရှေးဟောင်းလမ်းမကြီး၏ ကုန်သွယ်ရေးစည်ကားမှုကို ခံစားရစေပါသည်။

ဆက်လက်၍ မီဒီယာအဖွဲ့သည် Sibaozhai Wutong Zouyin ရိုးရာလက်မှုပညာ လက်ဆင့်ကမ်း ထိန်းသိန်းရေးစင်တာသို့ ဝင်ရောက်ကာ “တောင်ဘက်တွင် ကြေးနက် ငွေကွပ် ၊ မြောက်ဘက်တွင် ကြွေဆေးကြေးထည်” ဟု ကျော်ကြားသော အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုအတတ်ပညာကို လေ့လာခဲ့ကြပါသည်။

ဝန်ထမ်းများ၏ ရှင်းလင်းချက်အရ ကြေးနက်ပေါ်တွင် ငွေပန်းခတ်သည့် လက်မှုအတတ်ပညာ (Wutong Zouyin) သည် အထူးသတ္တုစပ်ကြေးနီကို အခြေခံပြုလုပ်ပြီး ကြေးနီပေါ်တွင် အနုစိတ် လက်ရာမြောက်ဆန်းပြားသော ကောက်ကြောင်းပုံစံများကို ထွင်းထုပြီးမှ အရည်ကြိုထားသည့် ငွေစင်များကို ထိုထွင်းကြောင်းများအတွင်းသို့ လောင်းထည့် ပုံဖော်ရခြင်းဖြစ်ကြောင်း၊ ထို့နောက် အချောကိုင်တိုက်ချွတ်ခြင်းနှင့် အောက်စီဂျင်ပေါင်းစပ်ခြင်း (Oxidation) စသည့် အဆင့် ၂၀ ကျော်ကို ဖြတ်သန်းရကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ကြေးနီသည် ခန့်ညားနက်မှောင်သော အရောင်သို့ ပြောင်းလဲသွားပြီး ငွေရောင်လိုင်းများသည် ပိုမိုတောက်ပထင်ရှားလာကာ အနက်နှင့် ငွေရောင်တို့၏ လှပဆန်းပြားသော အနုပညာမြောက် ပေါင်းစပ်မှုကို ဖန်တီးရရှိစေကြောင်း၊ Wutong Zouyin လက်မှုအတတ်ပညာကို ၂၀၁၁ ခုနှစ်တွင် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ပြီး လက်ရှိတွင် အတတ်ပညာ ဆက်ခံသူ နည်းပါးသောကြောင့် ဒေသတွင်း၌ ဆရာမှတပည့်သို့ လက်ဆင့်ကမ်းခြင်း၊ ထုတ်ကုန်သစ်များ ဖန်တီးခြင်းတို့ဖြင့် ရိုးရာအတတ်ပညာများကို ခေတ်မီလူနေမှုဘဝအတွင်းသို့ ပေါင်းစပ်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။

နောက်ဆုံးတွင် Jiama သစ်သားပန်းပု ပုံနှိပ်အတတ်ပညာ လက်ဆင့်ကမ်းထိန်းသိမ်းရေးစင်တာသို့ ရောက်ရှိခဲ့ကြပါသည်။ သစ်သားပန်းပု ပုံနှိပ်အတတ်ပညာသည် ယုံချန်ဒေသ၏ အရေးပါသော ရိုးရာ သစ်သားပန်းပု ရုပ်ပုံနှိပ် အနုပညာတစ်ခုဖြစ်ပြီး ပေါင်ရှန်းမြို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။ စင်တာ တာဝန်ရှိသူများက သတင်းထောက်များအား Jiama ပုံနှိပ်အတတ်ပညာ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်း၊ ထုတ်လုပ်မှု နည်းပညာနှင့် ယဉ်ကျေးမှု အဓိပ္ပာယ်များကို မိတ်ဆက်ပေးခဲ့ပါသည်။ ယင်းသည် ပန်းချီ၊ ပန်းပုနှင့် ပုံနှိပ်စနစ်တို့ကို ပေါင်းစပ်ထားပြီး ရှေးယခင်ကတည်းက ဆုတောင်းပွဲများ၊ ပူဇော်ပွဲများ၊ ပွဲတော်များ စသည့် ရိုးရာဓလေ့များတွင် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကာ ဒေသခံပြည်သူများ၏ ကောင်းမွန်သော ဘဝအတွက် မျှော်လင့်ချက်များကို ဖော်ကျူးထားသည့်အပြင် ကြွယ်ဝသော တိုင်းရင်းသား ရိုးရာဓလေ့များကိုပါ ထိန်းသိမ်းထားပါသည်။

စင်တာတွင် နိုင်ငံတကာ မီဒီယာသတင်းထောက်များသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် လက်ဆင့်ကမ်း ထိန်းသိမ်းသူများ၏ လမ်းညွှန်ပြသမှုဖြင့် သစ်သားပန်းပု ပုံနှိပ်ခြင်း လုပ်ငန်းစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ခဲ့ကြပါသည်။ မင်ဆေးသုတ်ခြင်း၊ စက္ကူအုပ်ခြင်းနှင့် ရိုက်နှိပ်ခြင်း စသည့် အဆင့်များကို အစဉ်လိုက် ဆောင်ရွက်ခဲ့ကြပြီး ဒေသအငွေ့အသက်အပြည့်ရှိသော ပန်းချီကားများကို ဖန်တီးနိုင်ခဲ့ကြပါသည်။ သတင်းထောက်များက ရိုးရာအတတ်ပညာကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ရသည့်အတွက် သစ်သားပန်းပု ပုံနှိပ်ခြင်း လက်မှုပညာ၏ အနုစိတ်မှုကို သိရှိရုံမျှမက တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များတွင် ကိန်းဝပ်နေသော သမိုင်းဝင်တန်ဖိုးနှင့် ယဉ်ကျေးမှု ဆွဲဆောင်မှုကိုပါ ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့ကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုခရီးစဉ်သည် ပေါင်ရှန်း၏ ထူးခြားသော ယဉ်ကျေးမှုသင်္ကေတများဖြစ်သည့် ယွန်းဇီ (Yongzi) Go ကျောက်ခဲများ၊ ချိန်းလုန်း လမ်းဟောင်း၊ Wutong Zouyin ကြေးနက် ငွေကွပ် အနုပညာနှင့် Jiama သစ်သားပန်းပု ပုံနှိပ်အတတ်ပညာတို့ကို ကိုယ်တိုင်ကွင်းဆင်း လေ့လာခွင့်ရရှိခဲ့သဖြင့် နိုင်ငံတကာသတင်းထောက်များအား ပေါင်ရှန်း၏ နက်ရှိုင်းသော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များနှင့် လက်မှုပညာဆိုင်ရာ တန်ဖိုးထား ထိန်းသိမ်းမှု စိတ်ဓာတ်တို့ကို အနီးကပ် ခံစားရရှိစေခဲ့ပါသည်။ ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုလုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပေါင်ရှန်းမြို့၏ အောင်မြင်မှုများကိုပါ ပိုမိုသိရှိစေခဲ့ပါသည်။

Photos – CNS

Your Ad Here
Ad Size: 336x280 px

More News