[latest_news_marquee]

တရုတ်နိုင်ငံ၏ သုံးစွဲမှုကဏ္ဍဆိုင်ရာ ပထမဆုံး အမျိုးသားအဆင့် စီမံကိန်း ပေါ်ထွက်လာ

ပင်စင်လစာများ တိုးမြှင့်မည်၊ ကျန်းမာရေးအာမခံ ထောက်ပံ့ကြေးများ မြှင့်တင်မည်၊ လစာပြည့် ခွင့်ရက်စနစ်ကို အကောင်အထည်ဖော်မည်…။

“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း သုံးစွဲမှု တိုးချဲ့ရေး အထူးစီမံကိန်း” ကို မကြာသေးမီက တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ ဒါဟာ တရုတ်နိုင်ငံ၏ သုံးစွဲမှုကဏ္ဍဆိုင်ရာ ပထမဆုံး အမျိုးသားအဆင့် အထူးစီမံကိန်း ဖြစ်ပါသည်။

ဤစီမံကိန်း၏ အရေးပါမှုကို နားလည်ရန်အတွက် ရေရှည်အမြင်ဖြင့် ကြည့်ရှုရန် လိုအပ်ပါသည်။ လွန်ခဲ့သော ငါးနှစ်စီမံကိန်းအဆက်ဆက်တွင် သုံးစွဲမှုဆိုင်ရာ စီမံဆောင်ရွက်ချက်များသည် ဖြည့်စွက်မှုနှင့် ကာလတို အစီအစဉ်များသာ ဖြစ်ခဲ့ပါသည်။

ယခင်နှင့် မတူတာကတော့ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” မူဘောင်တွင် “ပြည်တွင်းဝယ်လိုအား တိုးချဲ့ခြင်းကို မဟာဗျူဟာမြောက် အခြေခံအဖြစ် ခိုင်မာစွာ ဆုပ်ကိုင်ရန်” နှင့် “သုံးစွဲမှုကို အားကောင်းစွာ မြှင့်တင်ရန်” တို့ကို အရေးကြီးသော တာဝန်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပါသည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ စက်မှုဆိုင်ရာနှင့် နည်းပညာ စီးပွားရေး သုတေသနဌာန၊ ဝန်ဆောင်မှု လုပ်ငန်း သုတေသန အဖွဲ့မှ ဒါရိုက်တာ ဟုန်ချွန်းလျန် (Hong Qunlian) က သုံးစွဲမှု တိုးချဲ့ခြင်းကို မက်ခရိုစီးပွားရေး၏ အခြေခံကျသော မဟာဗျူဟာမြောက် ဒေါက်တိုင် အဆင့်သို့ မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း San Li He သို့ ပြောကြားခဲ့ပါသည်။

ခိုင်မာသော ကိန်းဂဏန်း အချက်အလက်များနှင့် စိန်ခေါ်မှုများ

သုံးစွဲမှုကို အခုလို မြင့်မားတဲ့ အဆင့်တစ်ခုအထိ မြှင့်တင်လိုက်ခြင်း၏ နောက်ကွယ်တွင် ခိုင်မာသော ကိန်းဂဏန်း အချက်အလက်များ ရှိနေပါသည်။ “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း လူသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှု ပမာဏသည် ယွမ် ဘီလီယံ ၄၀,၀၀၀၊ ၄၅,၀၀၀ နှင့် ၅၀,၀၀၀ အဆင့်တွေကို ဆက်တိုက် ကျော်လွန်ခဲ့ပြီး စုစုပေါင်းသုံးစွဲမှုစရိတ်ဟာ စီးပွားရေး တိုးတက်မှုတွင် ပျမ်းမျှ ၅၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါသည်။

ဒါ့အပြင် အမျိုးသား စာရင်းအင်းဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု စုစုပေါင်း လက်လီရောင်းချရမှုသည် ယခင်နှစ် ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး သုံးစွဲမှု တိုးချဲ့ရေး အရှိန်အဟုန်ကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

သို့သော် စိန်ခေါ်မှုများကိုလည်း လျစ်လျူရှု၍ မရပေ။ မကြာသေးမီက လူသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချမှု ပုံမှန်ညွှန်းကိန်းများတွင် မတည်ငြိမ်မှုများရှိခဲ့ပြီး မေလတွင် ယခင်နှစ် ကာလတူထက် ၀ ဒသမ ၆ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါသည်။ ပြည်သူအများစုမှာ သုံးချင်သော်လည်း မသုံးရဲဘဲ စောင့်ကြည့်လိုသည့် သဘောထားမျိုး ရှိနေကြပါသည်။

ဤလက်တွေ့ အခြေအနေများအပေါ် အခြေခံ၍ သုံးစွဲမှု မြှင့်တင်ရေး လုပ်ငန်းများကို သီးခြား ထိပ်တန်း မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် အဆင့်မြှင့်တင်ခြင်းသည် အချက်ပြမှုများစွာကို ပြသနေကြောင်း ဟုန်ချွန်းလျန် က သုံးသပ်ထားပါသည်။

၎င်းတို့မှာ ပြည်တွင်း ဝယ်လိုအား တိုးချဲ့ရေးကို မဟာဗျူဟာမြောက် အခြေခံအဖြစ် ပိုမိုအတိအလင်း သတ်မှတ်ခြင်း၊ သုံးစွဲမှုဖြင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ပြီး ထုတ်လုပ်မှု၊ ဖြန့်ဝေမှု၊ စီးဆင်းမှုနှင့် သုံးစွဲမှုတို့၏ ကွင်းဆက်တစ်ခုလုံးကို ပြည့်စုံစွာ တည်ဆောက်ခြင်းနှင့် ဘဏ္ဍာရေးနှင့် ငွေကြေး မူဝါဒများ၊ အလုပ်အကိုင်နှင့် ခွင့်ရက်များ၊ စျေးကွက် ကြီးကြပ်ကွပ်ကဲရေး အစီအမံ စသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာမခံချက်များကို အသေးစိတ် မွမ်းမံပြင်ဆင်ခြင်းတို့ဖြစ်ပါသည်။

ဒါဟာ ကာလတို လှုံ့ဆော်မှု မဟုတ်ဘဲ ရေရှည်လုပ်ဆောင်နိုင်မည့် စနစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ပါသည်။ ရေရှည် တည်ငြိမ်သော မျှော်မှန်းချက်များကို ထုတ်ပြန်ပေးခြင်းဖြင့် ကာလတို လှုံ့ဆော်မှု မူဝါဒများအပေါ် ဈေးကွက်၏ စောင့်ကြည့်လိုသည့် အလေ့အထကို ပပျောက်စေကာ သုံးစွဲမှု အဆင့်မြှင့်တင်ရေးကို ဗဟိုပြု၍ ကာလလတ်နှင့် ရေရှည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီးပွားရေးလုပ်ငန်းရှင်များကို လမ်းညွှန်ပေးမည်ဖြစ်ပြီး သုံးစွဲမှု တိုးချဲ့ရေးနှင့် အရည်အသွေး မြှင့်တင်ရေးတို့အတွက် ခိုင်မာသော မူဝါဒ အာမခံချက်တွေကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၄ ခုနှစ် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စုစုပေါင်း သုံးစွဲမှု စရိတ်သည် GDP ၏ ၅၆ ဒသမ ၇ ရာခိုင်နှုန်း သာ ရှိပြီး၊ အမေရိကန်တွင် ၈၁ ဒသမ ၅ ရာခိုင်နှုန်း ၊ ဂျပန်တွင် ၇၃ ဒသမ ၂ ရာခိုင်နှုန်း နှင့် အိန္ဒိယတွင်ပင် ၆၇ ဒသမ ၂ ရာခိုင်နှုန်း အထိ ရှိပါသည်။ ဤကွာဟချက်သည် တိုးတက်ရန် နေရာလွတ် တည်ရှိနေခြင်းကို ပြသနေခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်းအရ ၂၀၃၀ ပြည့်နှစ်တွင် လူသုံးကုန်ပစ္စည်း စုစုပေါင်း လက်လီရောင်းချရမှုသည် ယွမ် ဘီလီယံ ၆၀,၀၀၀ ခန့်အထိ ရောက်ရှိရန် ရည်မှန်းထားကာ ငါးနှစ်အတွင်း ယွမ် ဘီလီယံ ၁၀,၀၀၀ တိုးတက်လာမည်ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ရာ ဟုန်ချွန်းလျန် က ဒါဟာ လက်ရှိအခြေအနေအပေါ် အခြေခံပြီး အနာဂတ်ကို အမြော်အမြင်ရှိရှိ မျှော်တွေးထားသည့် ဖြစ်နိုင်ချေ အပြည့်ရှိသော ပန်းတိုင်တစ်ခု ဖြစ်သည်ဟု သုံးသပ်ထားပါသည်။

ရည်မှန်းချက်ကရှိပြီ၊ တိုးတက်မှုက မည်သည့်နေရာမှ လာမည်နည်း။

ထိုတိုးတက်မှုများအတွက် ဟုန်ချွန်းလျန် က အဓိက လမ်းကြောင်း ၃ ခုကို အကျဉ်းချုပ် ဖော်ပြထားပါသည်။ ၎င်းတို့မှာ  ပမာဏကြီးမားပြီး တန်ဖိုးမြင့်သည့် အခြေခံ ကုန်စည်များ (Bulk Commodities) ဖြင့် သုံးစွဲမှု၏ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာသုံး စီးပွားရေး (Digital Consumption) ဖြင့် ပုံစံသစ် တိုးတက်မှုများကို ရှာဖွေခြင်းနှင့် ဝန်ဆောင်မှု သုံးစွဲမှု (Service Consumption) ဖြင့် အဓိက တိုးတက်မှုကို ပံ့ပိုးပေးခြင်းတို့ဖြစ်ပါသည်။ ထိုအထဲတွင် ဝန်ဆောင်မှု သုံးစွဲမှုသည် အဓိက မောင်းနှင်အားဖြစ်ပြီး သုံးစွဲမှု နယ်ပယ်သစ်၏ ၆၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူမည်ဟု မျှော်လင့်ရပါသည်။

နိုင်ငံတကာ အတွေ့အကြုံများအရ လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) သည် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ခန့် ရောက်ရှိပါက ပြည်သူများ၏ သုံးစွဲမှု အဓိက ပန်းတိုင်မှာ ကုန်ပစ္စည်း ဝယ်ယူခြင်းမှ ဝန်ဆောင်မှု ဝယ်ယူခြင်းသို့ ကူးပြောင်းသွားတတ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ Per Capita GDP သည် ၁၃,၉၅၃ ဒေါ်လာ သို့ ရောက်ရှိခဲ့ရာ ထိုကူးပြောင်းမှု အမှတ်အသား အနီးသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ထို့ကြောင့် စီမံကိန်းသည် ဝန်ဆောင်မှု သုံးစွဲမှု မြှင့်တင်ရေးကို ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေး တာဝန်ကြီး ၆ ခု၏ ပထမ ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပြီး သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် အားကစား စသည့် ပြည်သူ့လူနေမှုဘဝ ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ဟုန်ချွန်းလျန် က ဝန်ဆောင်မှု သုံးစွဲမှုသည် သုံးစွဲမှုကို တည်ငြိမ်စေမည့် အဓိက ဒေါက်တိုင်ဖြစ်ပြီး အကြောင်းအရင်း ၄ ခု ပေါ်တွင် မူတည်နေသည်ဟု သုံးသပ်ထားပါသည်။

ပထမ အကြောင်းအရင်းမှာ သုံးစွဲရန် ငွေကြေး (ဝင်ငွေ) ဖြစ်ပါသည်။ ပြည်သူများ၏ ဝင်ငွေသည် သုံးစွဲနိုင်စွမ်းနှင့် သုံးစွဲလိုစိတ်ကို အဓိက အဆုံးအဖြတ် ပေးပါသည်။ စီမံကိန်းတွင် လုပ်သားများအတွက် လုပ်ခလစာ သတ်မှတ်ခြင်း၊ တိုးမြှင့်ခြင်းနှင့် ပေးချေမှု အာမခံချက် စနစ်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ အနိမ့်ဆုံး လုပ်ခလစာ စံနှုန်းများကို စနစ်တကျ ပြင်ဆင်၍ မှန်မှန် တိုးမြှင့်ပေးခြင်း၊ ကျေးလက်နှင့် မြို့ပြ ပြည်သူများ၏ ပိုင်ဆိုင်မှုမှ ဝင်ငွေ (Property Income) တိုးတက်လာစေရန် နည်းလမ်းမျိုးစုံ ဖန်တီးပေးခြင်း စသည့် လက်တွေ့ကျသော အစီအမံများကို ထည့်သွင်းထားရာ “သုံးစွဲရန် ငွေကြေး” မရှိခြင်းဟူသော အဓိက ပိတ်ဆို့မှုကို တိုက်ရိုက် ဖြေရှင်းပေးထားပါသည်။

ဒုတိယ အကြောင်းအရင်းမှာ သုံးစွဲရန် အချိန် (အားလပ်ချိန်) ဖြစ်ပါသည်။ ဝန်ဆောင်မှု သုံးစွဲရေးအတွက် အားလပ်ချိန် အာမခံချက် ရှိရန် လိုအပ်ပါသည်။ စီမံကိန်းတွင် ဝန်ထမ်းများ၏ လစာပြည့် ခွင့်ရက်ဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန်၊ စည်းကမ်းလိုက်နာမှုကို ပိုမိုတင်းကျပ်စွာ စီမံရန်နှင့် လိုက်လျောညီထွေရှိသော အလှည့်ကျ ခွင့်ယူသည့် စနစ်များကို အားပေးရန် အတိအလင်း တွန်းအားပေးထားပါသည်။ “သုံးစွဲရန် အချိန်” ရှိရေးသည် အကြံပြုချက်သက်သက် အဆင့်မှ ခိုင်မာသော ကတိကဝတ် အဆင့်သို့ ကူးပြောင်းလာနေပြီ ဖြစ်ပါသည်။

တတိယအချက်မှာ သုံးစွဲရန် နေရာ (ရောင်းလိုအား/ဝန်ဆောင်မှု) ဖြစ်ပါသည်။ ကောင်းမွန်သော ကုန်ပစ္စည်းများ ရရှိနိုင်ခြင်းသည် အရည်အသွေးမြင့် ဝန်ဆောင်မှု ရောင်းလိုအားကို တိုးမြှင့်ပေးခြင်း ဖြစ်ပါသည်။ စီမံကိန်းတွင် ဒေသတွင်း အစားအသောက် အမှတ်တံဆိပ်များ ပြုစုပျိုးထောင်ခြင်း၊ ထူးခြားသော ဟိုတယ်နှင့် အိမ်ဧည့်ရိပ်သာ အမှတ်တံဆိပ်များ ထူထောင်ခြင်း၊ ခရိုင် – မြို့နယ် – ကျေးရွာ ဟူသော အဆင့်သုံးဆင့်ပါ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကွန်ရက်နှင့် ပုံစံမျိုးစုံပါဝင်သည့် ကလေးသူငယ် စောင့်ရှောက်ရေး အစီအစဉ်များကို ပံ့ပိုးပေးခြင်း စသည့် ရောင်းလိုအား/ဝန်ဆောင်မှု ပိုင်းဆိုင်ရာ တိုးချဲ့ရေး အစီအမံ အများအပြားကို ထည့်သွင်း အကောင်အထည်ဖော်ထားပါသည်။

နောက်ဆုံးအချက်မှာ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်မှု (ပတ်ဝန်းကျင်) ဖြစ်ပါသည်။ ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးခြင်းသည် ပိုမိုချောမွေ့ပြီး စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်သည့် အတွေ့အကြုံကို အာမခံချက် ပေးပါသည်။ အခြေခံ အဆောက်အအုံပိုင်း (Hardware) တွင် အများပြည်သူသုံး ယာဉ်ရပ်နားစခန်းများ၊ လျှပ်စစ်ကား (EV) အားသွင်းရုံများနှင့် 5G ကွန်ရက်များ ကဲ့သို့သော သုံးစွဲမှုဆိုင်ရာ အခြေခံ အဆောက်အအုံများကို မြှင့်တင်ပေးခြင်းတို့ပါဝင်ပြီး မူဝါဒနှင့် စည်းမျဉ်းပိုင်း (Software) တွင် မလိုအပ်သော ကန့်သတ်ချက်များကို ဖယ်ရှား၍ ပြုပြင်ဖန်တီးပေးခြင်း၊ မော်တော်ယာဉ် သုံးစွဲမှု စီမံခန့်ခွဲမှုကို “ဝယ်ယူမှု ကန့်သတ်ခြင်း” အဆင့်မှ “အသုံးပြုမှု စီမံခန့်ခွဲခြင်း” အဆင့်သို့ ကူးပြောင်းပေးခြင်း၊ တရားမျှတပြီး ပွင့်လင်းမြင်သာသော ဈေးကွက်ပတ်ဝန်းကျင်ကို ပျိုးထောင်ရန် ပလက်ဖောင်း စီးပွားရေးဆိုင်ရာ ဈေးကွက် လက်ဝါးကြီးအုပ်မှု တားဆီးကာကွယ်ရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများကို ကြပ်မတ်ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။

အနှစ်ချုပ်အားဖြင့် သုံးစွဲမှုကဏ္ဍဆိုင်ရာ ပထမဆုံး အမျိုးသားအဆင့် အထူး စီမံကိန်းသည် ပြည်သူများ သုံးစွဲရန် ငွေကြေး ရှိရေး၊ အားလပ်ချိန်ရှိရေး၊ အရည်အသွေးမြင့် သုံးစွဲရန် နေရာများရှိရေးနှင့် စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်ရေး တို့အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

အဆိုပါ သုံးစွဲမှုဆိုင်ရာ လမ်းပြမြေပုံကို ရေးဆွဲပြီးစီးပြီဖြစ်ရာ အဓိကကျသည့် နောက်ထပ် ခြေလှမ်းမှာ အဆင့်မြင့် မူဝါဒရေးဆွဲမှု စီမံကိန်းမှသည် ဘက်ပေါင်းစုံ လွှမ်းခြုံသော စနစ်တကျ လက်တွေ့အကောင်အထည်ဖော်မှု အဆင့်သို့ ကူးပြောင်းရန်ပင် ဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News