ရန်ကုန်မြစ်အတွင်း ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိကာလအတွင်း အခြေခံရေမျက်နှာပြင်အထက် ၂၀ ဒသမ ၀၁ ပေမှ ပေ ၂၀ ဒသမ ၇၀ အထိ သာမန်ထက်ထူးကဲသော ဒီရေမြင့်တက်နိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်ထားကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ယခုခန့်မှန်းထားသည့် ဒီရေတက်မှုအခြေအနေဟာ စိုးရိမ်ဖွယ်ရာမရှိသော်လည်း မြစ်ကမ်းနားတစ်လျှောက် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်သတိပြု ပြင်ဆင်နိုင်ရန် အသိပေးထုတ်ပြန်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ မှတ်တမ်းများအရ ယခင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်၏ ဒီရေအမြင့်မှာ ၂၂ ပေအထိ အမြင့်ဆုံးတက်ရောက်ခဲ့ဖူးသည့် သမိုင်းကြောင်းရှိခဲ့သဖြင့် ယခုခန့်မှန်းထားသော ၂၀ ဒသမ ၀၁ ပေမှ ပေ ၂၀ ဒသမ ၇၀ အထိ ဒီရေတက်မည့် အခြေအနေမှာ စိုးရိမ်ရသည့်အဆင့်တွင် မရှိသော်လည်း ရန်ကုန်မြစ်၏ ဒီရေမြင့်တက်မှုသည် အခြေခံရေမျက်နှာပြင်အထက် ပေ ၂၀ ကျော်အထိ လွန်မြောက်နိုင်မည် ဖြစ်သောကြောင့် မြစ်ကမ်းနားဒေသများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် နေအိမ်များအတွင်း ရေဝင်ရောက်နိုင်သည့် အခြေအနေများအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးဂရုပြု ဆောင်ရွက်ထားကြရန် အသိပေးနှိုးဆော်ထားပါတယ်။
Photo- CJ






