တရုတ်နိုင်ငံရှိ ဖရဲသီး ၅ လုံးတွင် ၁ လုံးသည် ‘ဟဲနန်’ (Henan) ပြည်နယ်မှ ထွက်ရှိခြင်း ဖြစ်ပြီး ယခုနွေရာသီတွင် ဖရဲသီးအများဆုံးထွက်ရှိရာ ဟဲနန်ပြည်နယ်၏ ဖရဲသီးဈေးကွက် အခြေအနေသည် ရှုပ်ထွေးပြီး ဝမ်းသာဝမ်းနည်းဖြစ်ဖွယ် အခြေအနေတစ်ရပ်ကို ထင်ဟပ်ပြသနေပါသည်။
လူအများစုသည် လူမှုကွန်ရက်ပေါ်တွင် ဟဲနန်ဖရဲသီး တရုတ်ယူနစ် အလေးချိန် တစ်ကျင် (Jin) လျှင် ယွမ်ပြားပိုင်း (Fen) မျှသာရှိသည်ဆိုသည့် ဗီဒီယိုများကို မြင်တွေ့ခဲ့ကြသော်လည်း ၎င်းတို့အနီးအနားရှိ ကုန်တိုက်များတွင်မူ ဖရဲသီးဈေးသည် တစ်ကျင် (Jin) လျှင် ယွမ်အနည်းငယ် ပမာဏအထိ ပေးနေရဆဲ ဖြစ်ခြင်းကြောင့် နားမလည်နိုင်အောင် ဖြစ်နေကြပါသည်။
ထိုကဲ့သို့ သိသာထင်ရှားလှသော ဈေးနှုန်းကွာဟချက်ကြောင့် ‘ဖရဲသီးစိုက်တောင်သူများက ဤမျှ ဈေးပေါပေါဖြင့် ရောင်းချနေရသော်လည်း သာမန်ပြည်သူများမှာမူ အဘယ်ကြောင့် ဈေးကြီးပေး၍ ဝယ်ယူနေရသနည်း’ ဟု လူအများက ဇဝေဇဝါ ဖြစ်နေကြပါသည်။ ပကတိ အရှိတရားက အမှန်တကယ်တွင် မည်ကဲ့သို့ ရှိနေပါသနည်း။
ဟဲနန်ဖရဲသီး တစ်ကျင် (Jin) လျှင် ယွမ်ပြားပိုင်းမျှသာ ရှိသည်ဆိုသည်မှာ အမှန်တကယ် ရှိသော်လည်း ၎င်းသည် ယေဘုယျ ဈေးကွက်ပေါက်ဈေး မဟုတ်ပေ။ ဒေသခံတောင်သူများ၏ ပြောပြချက်အရ ၎င်းတို့မှာ အပင်နုတ်တော့မည့် စိုက်ခင်းထဲမှ နောက်ဆုံးထွက်သည့် “ရာသီကုန်ဖရဲသီး” များသာဖြစ်ပြီး အသွင်အပြင်၊ အရွယ်အစားနှင့် အရသာပိုင်းတွင် လျော့နည်းကာ ခူးဆွတ်ပြီးပါက ဖရဲပင်များကို နုတ်ပစ်ရတော့မည် ဖြစ်ပါသည်။
သို့သော် ခြုံငုံကြည့်လျှင် ယခုနှစ် ဖရဲသီး ခြံဝယ်စျေးသက်သာနေသည်မှာ ငြင်းပယ်၍မရသော အချက်ဖြစ်ပါသည်။ ဟဲနန်တောင်သူအချို့က ယခင်နှစ်များက အနိမ့်ဆုံးဈေး တစ်ကျင် (Jin) လျှင် ၀ ဒသမ ၃ ယွမ် ဖြင့် ရောင်းခဲ့ရသော်လည်း ယခုနှစ်ကဲ့သို့ ဈေးနှုန်းမျိုး မကြုံတွေ့ရသည်မှာ ကြာပြီဟုဆိုပါသည်။ လက်ရှိ ဈေးကွက်အတွင်း သာမန်ဖရဲသီး ခြံဝယ်စျေးမှာ များသောအားဖြင့် တစ်ကျင်လျှင် ၀ ဒသမ ၁ ယွမ် ဝန်းကျင်သာရှိပြီး အရည်အသွေးမြင့် ဖရဲသီးအချို့၏ ခြံဝယ်ဈေးမှာလည်း တစ်ကျင်လျှင် ၀ ဒသမ ၂ ယွမ် ဝန်းကျင်သာရှိသဖြင့် ဈေးနှုန်းများမှာ ယခင်နှစ်များထက် လျော့နည်းနေပါသည်။
စိုက်ခင်းထဲတွင် ဖရဲသီးများ ဤမျှ ဈေးပေါနေပါလျက်နှင့် စားသုံးသူများထံ ရောက်ရှိချိန်တွင် အဘယ်ကြောင့် တစ်ကျင်လျှင် ယွမ်ဂဏန်းအထိ ပေးနေရဆဲ ဖြစ်ပါသနည်း။
အမှန်တော့ ဖရဲသီးတစ်လုံးသည် ဟဲနန်ပြည်နယ်၏ စိုက်ခင်းများမှ နိုင်ငံတစ်ဝန်းရှိ မြို့ပြစူပါမားကတ်များ၏ စင်ပေါ်သို့ ရောက်ရှိရန် ခရီးလမ်းများစွာ ဖြတ်သန်းရပါသည်။ ဖရဲသီးအမြောက်အမြားကို တစ်ပြိုင်နက်တည်း အစုလိုက်အပြုံလိုက် ခူးဆွတ်ကြရသဖြင့် သယ်ယူပို့ဆောင်ရေးတွင် ထိခိုက်ပွန်းပဲ့ပျက်စီးမှုများ ရှိနိုင်ပြီး လမ်းခရီးတစ်လျှောက်တွင် ပုံသဏ္ဌာန်မလှပသော အသီးများကို အဆင့်ဆင့် ရွေးထုတ်ဖယ်ရှားကြရသဖြင့် ဤကဲ့သို့ လမ်းခရီးတစ်လျှောက် အလေအလွင့် ဆုံးရှုံးမှုများကို နောက်ဆုံးတွင် စုစုပေါင်းကုန်ကျစရိတ်ထဲ၌ ထည့်သွင်းတွက်ချက်လိုက်ကြခြင်း ဖြစ်ပါသည်။
၎င်းအပြင် ခရီးဝေးသယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီစရိတ်၊ လုပ်အားခနှင့် သိုလှောင်ရုံစရိတ်များကဲ့သို့ လမ်းခရီးတစ်လျှောက် အဆင့်ဆင့် လက်ပြောင်းလက်လွှဲ ပြုလုပ်ရသည့် စရိတ်များလည်း ရှိပါသေးသည်။ ဖရဲသီးများ စူပါမားကတ်သို့ ရောက်ရှိချိန်တွင်လည်း နောက်ထပ်တစ်ကြိမ် အသေအချာ စိစစ်ရွေးချယ်မှုကို ဖြတ်သန်းရဦးမည်ဖြစ်ပြီး ယင်းနောက် ဆိုင်၏ နေ့စဉ်လည်ပတ်စရိတ်များဖြစ်သည့် ရေ၊ မီးနှင့် ဝန်ထမ်းလစာ စသည့် ကုန်ကျစရိတ်များပါ ထပ်ဆင့်ပေါင်းထည့်လိုက်သောအခါ အဆင့်တိုင်းတွင် ရှိနေသည့် လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်တိုင်းသည် အမှန်တကယ် လက်ငင်းစိုက်ထုတ်လိုက်ရသည့် အိတ်စိုက်ကုန်ကျစရိတ်များ ဖြစ်ကြပါသည်။
ပကတိအားဖြင့် ဖရဲသီးတစ်လုံး စိုက်ခင်းမှ စားသုံးသူများ၏ ထမင်းစားပွဲပေါ်သို့
ရောက်ရှိရန် ဖြတ်သန်းရသည့် ခရီးစဉ်သည် အဆင့်တိုင်းတွင် ကုန်ကျစရိတ်များ အဆင့်ဆင့် ခွဲဝေကျခံကြရသည့် ထောက်ပံ့ရေးကွင်းဆက်တစ်ခုပင် ဖြစ်ပါသည်။ ဤကဲ့သို့ အဆင့်ဆင့်သော ကုန်ကျစရိတ်များ ထပ်ဆင့်ပေါင်းထည့်လိုက်သောအခါ စားသုံးသူများလက်ဝယ်ရောက် နောက်ဆုံးရောင်းဈေးနှင့် စိုက်ခင်းအဝယ်ဈေးတို့အကြား ကွာဟချက်မှာ ကြီးမားသွားရခြင်း ဖြစ်ပါသည်။
ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုများကို ပြန်ကြည့်လျှင် ‘ဖရဲသီးဈေးကျသဖြင့် တောင်သူများ အထိနာရခြင်း’ ဟူသည့် ဖြစ်ရပ်မှာ နှစ်အနည်းငယ်လျှင် တစ်ကြိမ်စီ ပြန်လည်ပေါ်ပေါက်လာတတ်သည်ကို တွေ့ရပါသည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရတိုင်းလည်း ကဏ္ဍစုံမှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးလေ့ ရှိကြပါသည်။ လတ်တလောတွင် ဒေသခံကုမ္ပဏီများနှင့် ကုန်သည်ကြီးများအသင်း စသည်တို့က ဈေးကွက်မရှိ ဖြစ်နေသော ဖရဲသီးများကို ဝန်ထမ်းသက်သာချောင်ချိရေးနှင့် လူထုအကျိုးပြု ပရဟိတလှူဒါန်းမှုများအဖြစ် အမြောက်အမြား ဝယ်ယူပေးခဲ့ကြပါသည်။ ထို့ပြင် အချို့သော အပန်းဖြေခရီးသွားဆွဲဆောင်ရာ နေရာများကလည်း တောင်သူကူညီရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာပြီး ဒေသထွက် ဖရဲသီးများကို ဝယ်ယူကာ ခရီးသွားဧည့်သည်များ နွေအပူဒဏ်ပြေစေရန်အတွက် အခမဲ့ ကျွေးမွေးလှူဒါန်းပေးခဲ့ကြပါသည်။
အစိုးရဌာနများဘက်ကလည်း ပိတ်မိနေသည့် ဈေးကွက်လမ်းကြောင်းများ ပွင့်လင်းလာစေရန် ကြိုတင်ပြင်ဆင်မှုများဖြင့် ဦးဆောင်တုံ့ပြန် ဆောင်ရွက်ပေးခဲ့ပါသည်။ ဟဲနန်ပြည်နယ်ရှိ မြို့ကြီး ၁၅ မြို့နှင့် ကျန်းကျိုးလေဆိပ်စီးပွားရေးဇုန်အတွင်းရှိ မြို့ပြဧရိယာများ၌ ဖရဲသီး ယာယီအရောင်းဆိုင်ပေါင်း ၁,ဝ၈၆ ဆိုင်ကို ဖွင့်လှစ်ပေးခဲ့ပြီး ‘ဖရဲသီးမြေပုံ’ (Watermelon Map) စနစ်ကိုပါ လွှင့်တင်ပေးခဲ့ပါသည်။ ဤကဲ့သို့ ဝိုင်းဝန်းကူညီမှုများသည် အချိန်ကိုက်ဖြစ်ခဲ့ပြီး လတ်တလော ကြုံတွေ့နေရသည့် ဈေးကွက်မရှိ ဖြစ်နေသော ဖရဲသီးများ အကျပ်အတည်းကို သက်သာရာရစေခဲ့ပါသည်။
သို့သော်လည်း အခြေခံအကျဆုံး ပြဿနာကို ကြည့်မည်ဆိုပါက သီးနှံဖြစ်ထွန်းအောင်မြင်ခြင်းသည် ဝမ်းမြောက်စရာဖြစ်သော်လည်း ‘အထွက်နှုန်းတိုးသော်လည်း ဝင်ငွေမတိုးသည့်’ အခြေအနေမျိုးသို့ ပြောင်းလဲသွားသည့်အခါတိုင်း အနစ်နာဆုံးနှင့် အထိခိုက်ဆုံးဖြစ်ရသည်မှာ အမြဲတမ်း အပင်ပန်းဆုံး လုပ်ကိုင်ကြရသည့် တောင်သူဦးကြီးများသာ ဖြစ်ပါသည်။
‘သီးနှံဈေးကျသဖြင့် တောင်သူများ အထိနာရခြင်း’ ဟူသည့် ဖြစ်ရပ်ဆိုး သံသရာကို အပြီးတိုင် ကျော်လွှားနိုင်ရန်အတွက်မူ နောက်ဆုံးတွင် ပိုမိုကြံ့ခိုင်မှုရှိသော စက်မှုကုန်ထုတ်လုပ်ငန်းစနစ်နှင့် ပိုမိုသိပ္ပံနည်းကျသော ဈေးကွက်ယန္တရား အပေါ်၌သာ အခြေခံအားကိုးရမည် ဖြစ်ပါသည်။
တောင်သူအများစုသည် စိုက်ပျိုးရာတွင် ယခင်နှစ်များက အတွေ့အကြုံကိုသာ အဓိက အမှီပြုလေ့ရှိကြပြီး လွန်ခဲ့သည့်နှစ်က ဈေးကောင်းရပါက ယခုနှစ်တွင် အလုအယက် တိုးချဲ့စိုက်ပျိုးကြသဖြင့် သီးနှံများ ဈေးကွက်ထဲသို့ တစ်ပြိုင်နက်တည်း အစုလိုက်အပြုံလိုက် ဝင်ရောက်လာခြင်း၊ လိုအပ်ချက်ထက် ထုတ်လုပ်မှု ပိုလျှံခြင်းနှင့် ဈေးနှုန်းထိုးကျခြင်းတို့ကို အလွယ်တကူ ဖြစ်ပေါ်စေပါသည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အဓိက ဖရဲသီးစိုက်ပျိုးရာ ဒေသများ၌ စိုက်ပျိုးမြေဧရိယာနှင့် အထွက်နှုန်း နှစ်ခုစလုံး တိုးတက်လာခဲ့ခြင်းကြောင့် ဖရဲသီးများကို ပြင်ပဈေးကွက်များသို့ တင်ပို့ရောင်းချရန် ပိုမိုခက်ခဲလာစေခဲ့ပါသည်။
ဤပြဿနာကို ဖြေရှင်းနိုင်မည့် သော့ချက်မှာ စိုက်ပျိုးထုတ်လုပ်မှုများတွင် ‘ခေတ်ရေစီးကြောင်းအတိုင်း မျက်စိမှိတ် လိုက်ပါလုပ်ဆောင်ခြင်း’ မျိုး မရှိစေရန် သတင်းအချက်အလက် ပိတ်ဆို့မှုအတားအဆီးများကို ဖယ်ရှားရန် ဖြစ်ပါသည်။ အချက်အလက် ပမာဏ အမြောက်အမြား (Big Data) ကို အသုံးပြု၍ ဈေးကွက်အခြေအနေကို ကြိုတင်ခန့်မှန်းတွက်ချက်ကာ တောင်သူများအနေဖြင့် စိုက်ပျိုးမည့် ပမာဏကို ကျိုးကြောင်းဆီလျော်စွာ စီမံနိုင်ရန် လမ်းညွှန်ပြသပေးခြင်းဖြင့် ဈေးကွက်အတွင်း အလုအယက် ပြိုင်ဆိုင်တိုးဝှေ့ကြသည့် ပြဿနာကို မူလကတည်းက ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
ထိုထက် ပိုမိုအရေးကြီးသည်မှာ လယ်ယာထွက်ကုန်များကို လတ်လတ်ဆတ်ဆတ် ရောင်းချသည့် လမ်းကြောင်းတစ်ခုတည်းအပေါ်၌သာ အမှီမပြုဘဲ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ကို ပိုမိုရှည်လျားအောင် ချဲ့ထွင်ရန် ဖြစ်ပါသည်။ တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုကို သင့်တင့်လျောက်ပတ်စွာ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ပိုလျှံနေသော ထုတ်လုပ်မှုစွမ်းအားကို ထိန်းညှိပေးနိုင်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ဒေသထွက် အရည်အသွေးမြင့် လယ်ယာထွက်ကုန် အမှတ်တံဆိပ် (Brand) များကို တည်ဆောက်ကာ အရည်အသွေးဖြင့် ဈေးနှုန်းကွာဟချက် ဖန်တီးခြင်းအားဖြင့် တန်ဖိုးနည်းနည်းဖြင့် အလုအယက် ပြိုင်ဆိုင်တိုးဝှေ့နေကြသည့် ဖြစ်ရပ်ဆိုး သံသရာမှ ရုန်းထွက်နိုင်မည် ဖြစ်ပါသည်။
ချိုမြိန်သော ဖရဲသီးတစ်လုံး၏ နောက်ကွယ်တွင် ထောင်သောင်းမကသော တောင်သူမိသားစုများ၏ စားဝတ်နေရေး ရှိနေသကဲ့သို့ ၎င်းသည် ခေတ်မီစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပါသည်။
စိုက်ပျိုးထုတ်လုပ်မှုသည် ဈေးကွက်အခြေအနေပေါ်တွင် မျက်စိမှိတ်လောင်းကြေးထပ်ရသည့် အဆင့်မျိုး မဟုတ်တော့ဘဲ သီးနှံဖြစ်ထွန်းအောင်မြင်ခြင်းသည်လည်း ကယ်ဆယ်ကူညီပေးရန် လူမှုကွန်ရက်ပေါ်ရှိ ရေပန်းစားခေါင်းစဉ်များ (Trending) အပေါ်၌ မှီခိုနေရခြင်း မရှိတော့သည့်အခါ၊ ထို့အပြင် တောင်သူများကလည်း ကျိုးကြောင်းဆီလျော်သော ဈေးနှုန်းကို ရရှိပြီး စားသုံးသူများကလည်း သင့်တင့်သောဈေးနှုန်းဖြင့် အရည်အသွေးကောင်းမွန်သော ဖရဲသီးများကို ဝယ်ယူစားသုံးနိုင်သည့်အခါမျိုးတွင်မှသာ စိုက်ခင်းမှသည် စားပွဲဝိုင်းအထိ သွယ်တန်းနေသော ဤလုပ်ငန်းကွင်းဆက်စနစ်သည် အဖက်ဖက်မှ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှုမျိုးကို အပြည့်အဝ ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် ဖရဲသီးတစ်လုံးသည် စားသုံးသူများအတွက်သာမက စိုက်ပျိုးသည့် တောင်သူများအတွက်ပါ ချိုမြိန်မှု အကျိုးအမြတ်ကို ဆောင်ကြဉ်းပေးနိုင်ရန် လိုအပ်ပါသည်။
သတင်းအရင်းအမြစ် : San Li He






