[latest_news_marquee]

ပြည်တွင်း၌ ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သည့် စက်ရုံ ၁၁ ရုံရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ၁၃ မျိုးအား နိုင်ငံတကာဈေးကွက်သို့ ထုတ်လုပ်တင်ပို့နေ

မြန်မာနိုင်ငံတွင် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လျက်ရှိသည့် စက်ရုံ ၁၁ ရုံရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ၁၃ မျိုးအား နိုင်ငံတကာဈေးကွက်သို့ ထုတ်လုပ်တင်ပို့လျက်ရှိကာ တန်ဖိုးမြှင့်ထုတ်ကုန်များ အပါအဝင် ရေထွက်ကုန်ပစ္စည်းများအား အီးယူနိုင်ငံများ၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ကြီး၏ ရေထွက်ပစ္စည်းများ တိုးချဲ့မွေးမြူမည့်စီမံချက်၊ တန်ဖိုးမြှင့်ပစ္စည်း (Value Added) ပြုလုပ်မည့် အစီအစဉ်နှင့် ဘဏ္ဍာရေးနှစ်တစ်နှစ်ချင်း ထုတ်လုပ်မှု လျာထားချက်၊ ၅ နှစ်တစ်ကြိမ် ထုတ်လုပ်မှုအစီအမံ စသည်တို့အား မည်သို့တိုးချဲ့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက ပြန်လည်ဖြေကြားရာတွင် အခုလို ထည့်သွင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက ငါး၊ ပုစွန်၊ ကဏန်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ဈေးကွက်အသစ်များရှာဖွေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများကို အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်ခြင်း၊ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ ငါးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရန် ဒေသအတွင်းမှာရရှိနိုင်သည့် အစာကုန်ကြမ်းများ အသုံးပြုမွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပေးဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံလိုသူများ ရရှိနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ မွေးမြူရေးမြေနေရာ လိုအပ်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် မွေးမြူရေးဇုန်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ငါး၊ ပုစွန်မွေးကန်များ တိုးချဲ့မွေးမြူနိုင်ခြင်းဖြင့် ဒေသတွင်းငါးရိက္ခာဖူလုံစေမည့်အပြင် ပြည်ပသို့ပိုမိုတင်ပို့နိုင်ခြင်းဖြင့် ဝင်ငွေများ ပိုမိုရရှိစေနိုင်မှာဖြစ်တယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

ထို့အပြင် မြန်မာနိုင်ငံ၏ ရေသတ္တဝါ ငါးမွေးမြူရေးလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျစီမံကြီးကြပ်ကွပ်ကဲခြင်း၊ ငါးသားပေါက် လိုအပ်ချက်များအပေါ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးခြင်း၊ သဘာဝငါးသယံဇာတများ ပေါများစေရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခြင်းနှင့် နည်းပညာအကူအညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News