[latest_news_marquee]

တစ်ရက်လျှင် ကားမော်ဒယ်သစ် ၃ မျိုး စျေးကွက်ဝင်နေ၍ ဖုန်းထုတ်လုပ်ရေးကုမ္ပဏီများပင် အံအားသင့်

“ဒီနေ့ခေတ်မှာ ကားထုတ်တဲ့ ကုမ္ပဏီ ၁၀ ခုပေါင်းတာတောင် ဘက်ထရီရောင်းတဲ့ ကုမ္ပဏီ ၁ ခုကို မယှဉ်နိုင်ဘူး” ဆိုတာဟာ ဟာသတစ်ခုမဟုတ်ဘဲ လက်ရှိ မော်တော်ကားထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ရင်ဆိုင်နေရသည့် အရှိတရား ဖြစ်ပါသည်။

တစ်ဖက်တွင် စွမ်းအင်သစ်သုံးလျှပ်စစ်ကား (NEV) များ ပြည်ပတင်ပို့မှုနှင့် စျေးကွက်ဝေစု ကိန်းဂဏန်းများမှာ တရိပ်ရိပ် မြင့်တက်နေသော်လည်း အခြားတစ်ဖက်တွင်မူ ကားထုတ်လုပ်ရေးကုမ္ပဏီများ၏ အမြတ်အစွန်းနှုန်းမှာ ထိုးဆင်းနေပါသည်။

တရုတ်နိုင်ငံခရီးသည်တင်ကားအသင်း (CPCA) ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်မော်တော်ကားစက်မှုလုပ်ငန်း၏ စုစုပေါင်းအမြတ်ငွေမှာ ယွမ် ၁၄၄ ဘီလီယံ ရှိခဲ့ပြီး အမြတ်အစွန်းနှုန်းမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။ ယင်းမှာ အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ပျမ်းမျှအမြတ်နှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့်ယှဉ်လျှင် များစွာနိမ့်ကျနေခြင်း ဖြစ်ပါသည်။

သို့သော် ကုန်ကြမ်းပံ့ပိုးသည့် ကုမ္ပဏီကြီးများမှာမူ နေ့စဉ်နှင့်အမျှ ရွှေပုံပေါ်ထိုင်နေကြပါသည်။ ယခုနှစ် ပထမသုံးလပတ်တွင် ဘက်ထရီထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သော CATL တစ်ခုတည်းကပင် အသားတင်အမြတ် ယွမ် ၂၀ ဒသမ ၇ ဘီလီယံကျော် (တစ်ရက်လျှင် ပျမ်းမျှ ယွမ် သန်း ၂၃၀ ခန့်) ရရှိခဲ့ပါသည်။ ယင်းပမာဏမှာ ထိုကာလအတွင်း BYD ၊ SAIC ၊ Geely အပါအဝင် ထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီကြီး ၁၀ ခု၏ အသားတင်အမြတ်စုစုပေါင်း ယွမ် ၁၇ ဒသမ ၄၉၇ ဘီလီယံ ထက်ပင် သာလွန်နေပါသည်။ ဟုတ်ပါသည်။ ကားကုမ္ပဏီ ၁၀ ခု ပေါင်းလိုက်လျှင်ပင် ဘက်ထရီကုမ္ပဏီတစ်ခုတည်းကို မယှဉ်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။

ရေရှည်ကြည့်မည်ဆိုပါက ကားထုတ်လုပ်ရေးကဏ္ဍ၏ အမြတ်နှုန်းမှာ လွန်ခဲ့သော ၃ နှစ်မှစ၍ တောက်လျှောက်ကျဆင်းလာခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ပြီး လက်ရှိတွင် ၄ ရာခိုင်နှုန်း အောက်သို့ပင် ရောက်ရှိသွားပြီ ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် မေးစရာမေးခွန်းတစ်ခု ရှိလာသည်မှာ — လျှပ်စစ်ကား ခေတ်ကြီးထဲမှာ ကားထုတ်လုပ်သူတွေ အမြတ်မရနိုင် ဖြစ်နေကြတာဟာ ဘက်ထရီထုတ်လုပ်သူတွေရဲ့  ‘ကြားဖြတ် အမြတ်လုယူတာ’ ကို ခံလိုက်ရခြင်းကြောင့်လား ဆိုသည့်အချက်ပင် ဖြစ်ပါသည်။

ဤမေးခွန်းကို ဖြေဆိုရန်အတွက် ပြင်ပအကြောင်းအရင်းနှင့် အတွင်းပိုင်းအကြောင်းအရင်း (၂) ခုစလုံးကို ခွဲခြမ်းစိတ်ဖြာကြည့်ရန် လိုအပ်ပါသည်။ ပထမဦးစွာ ပြင်ပအကြောင်းရင်းအနေဖြင့် အဓိကကုန်ကြမ်းစရိတ်များ တိုက်ရိုက်ဖိအားပေးလာခြင်း ဖြစ်ပါသည်။ မော်တော်ကားဘက်ထရီသည် လျှပ်စစ်ကားတစ်စီး၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ကားတစ်စီးလုံးကုန်ကျစရိတ်၏ ၄၀% မှ ၅၀% အထိ ရှိပါသည်။ ယခုနှစ်အတွင်း Lithium Carbonate ကဲ့သို့သော ဘက်ထရီကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းက ကုန်ကျစရိတ်ဖိအားကို ကားထုတ်လုပ်သူများထံ တိုက်ရိုက်သက်ရောက်စေခဲ့ပါသည်။ ထို့အပြင် မော်တော်ကားသုံး မန်မိုရီချစ်ပ် (Memory chips) များပါ စျေးတက်လာခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ထို့ကြောင့် မကြာသေးမီက Xpeng မော်တော်ကားကုမ္ပဏီ၏ ဥက္ကဋ္ဌ He Xiaopeng က “ကားထုတ်ရတာ တကယ်ကို ပင်ပန်းပါတယ်။ ဘယ်နေရာကပဲ စျေးတက်တက် ကျွန်တော်တို့ကို လာထိခိုက်တာပါပဲ” ဟု ရင်ဖွင့်ညည်းတွားခဲ့ပါသည်။

ကားကုမ္ပဏီများ ကြားညပ်နေရသည့် အခြေအနေနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဘက်ထရီထုတ်လုပ်သူများသည် နည်းပညာအသာစီးရမှု၊ အကြီးစားထုတ်လုပ်နိုင်မှုနှင့် ကွင်းဆက်တစ်ခုလုံးကိုထိန်းချုပ်နိုင်မှုတို့ကြောင့် စျေးနှုန်းသတ်မှတ်ပိုင်ခွင့်ကို ပိုမိုရရှိထားကြပါသည်။ ကားကုမ္ပဏီများသည် မကြာသေးမီနှစ်များအတွင်း ၎င်းတို့ကိုယ်ပိုင် ဘက်ထရီထုတ်လုပ်မည့် အစီအစဉ်များကို အထူးတလည် အလေးပေး ကြေညာခဲ့ကြသော်လည်း ကုန်ကျစရိတ်သက်သာမှုအပိုင်းတွင် ဘက်ထရီကုမ္ပဏီကြီးများကို အချိန်တိုအတွင်း လိုက်မီရန် ခက်ခဲနေဆဲဖြစ်ပါသည်။

ကုန်ကြမ်းပိုင်း၏ ကုန်ကျစရိတ်ကိုပဲ အပြစ်ပုံချနေမည်ဆိုလျှင်လည်း လုပ်ငန်းတစ်ခုလုံးကို အသက်ရှူကျပ်စေသည့် ပိုမိုဆိုးရွားသော အတွင်းပိုင်းအကြောင်းအရင်းဖြစ်တဲ့ ဈေးကွက်ထဲမှာ ကားကုမ္ပဏီတွေ အလွန်အမင်း များပြားနေမှု ကို မျက်ကွယ်ပြုမိသလို ဖြစ်သွားပါလိမ့်မည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပြင်းထန်သောစျေးကွက်ပြိုင်ဆိုင်မှုကြားတွင် ကားကုမ္ပဏီအများစုသည် စျေးကွက်ဝေစုကိုရယူရန်အတွက် အမြတ်အစွန်းများကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ကြပြီး ကုမ္ပဏီအများအပြားသည် ငွေကြေးအမြောက်အမြား အရှုံးခံသုံးစွဲကာ ကားအမှတ်တံဆိပ်ခွဲများ၊ မော်ဒယ်ခွဲများစွာကို တိုးမြှင့်ထုတ်လုပ်ခဲ့ကြပါသည်။

အောက်ပါ နှိုင်းယှဉ်ချက် ကိန်းဂဏန်းများကို ကြည့်ခြင်းဖြင့် ပို၍ သိသာပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ အသစ်ထွက်ရှိသော ကားမော်ဒယ်ပေါင်း ၅၅၀ မော်ဒယ် (တစ်ရက်လျှင် ပျမ်းမျှ မော်ဒယ် ၃ ခုထက်မနည်း) စျေးကွက်ဝင်ခဲ့ပါသည်။ ထိုကာလအတွင်း အသစ်ထွက်ရှိသော စမတ်ဖုန်းမော်ဒယ်ပေါင်းမှာ ၁၅၇ ခုသာရှိပါသည်။

နှစ်ရှည်သုံးစွဲရမည့် ကုန်ပစ္စည်းဖြစ်သော မော်တော်ကားများ၏ စျေးကွက်အတွင်း အသစ်ထုတ်လုပ်မှုနှုန်းသည် စမတ်ဖုန်းကုမ္ပဏီများထက်ပင် ကျော်လွန်နေပြီ ဖြစ်ပါသည်။ ဤအခြေအနေနောက်ကွယ်တွင် အမြတ်အစွန်းနှုန်းများ တောက်လျှောက်ကျဆင်းလာပြီး ကားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးအမြောက်အမြား ပြုန်းတီးခဲ့ရပါသည်။

ထိုသို့ ပြင်ပနှင့် အတွင်းပိုင်းအကြောင်းရင်းများ ပေါင်းဆုံကာ ကားထုတ်လုပ်ရေးကုမ္ပဏီများ၏ အမြတ်အစွန်းကို ခန်းခြောက်စေခဲ့ပါသည်။ ဒါကြောင့်လည်းပဲ မော်တော်ကားကုမ္ပဏီ တာဝန်ရှိသူအတော်များများက “အချင်းချင်း အလွန်အကျွံ လုယက်ပြိုင်ဆိုင်နေကြတာတွေကို ရပ်တန့်ဖို့” နဲ့ “အမြတ်အစွန်းကို ထိန်းသိမ်းကာကွယ်ဖို့” လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြတာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ထိုအတိုင်းဆက်သွားနေပါက ကုမ္ပဏီများသည် ဆိုးဝါးလှသောသံသရာထဲနစ်နေမည်ကို အားလုံးက သိနေကြသောကြောင့် ဖြစ်ပါသည်။

သို့သော် ကောင်းမွန်သော လက္ခဏာတစ်ခုမှာ ဦးတည်ရာ လမ်းကြောင်း ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ နိုင်ငံအဆင့်မှာလည်း အချင်းချင်း အလဲလဲအပြိုပြို ပြိုင်ဆိုင်မှုမျိုးကို ကာကွယ်တားဆီးဖို့ တစိုက်မတ်မတ် အလေးပေးပြောကြားနေပြီး မူဝါဒပိုင်းအရလည်း ကားထုတ်လုပ်ရေးကုမ္ပဏီများ၏ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးနေပါသည်။

ကားကုမ္ပဏီများကိုယ်တိုင်လည်း ယခုအခါ အခြေအနေမှန်ကို ရိပ်မိနားလည်လာကြပြီဖြစ်ကာ အချို့ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်လိုင်းများကို စတင်လျှော့ချပြီး ကားမော်ဒယ်အသစ်များ မိတ်ဆက်သည့်အရှိန်ကို လျှော့ချနေပြီ ဖြစ်ပါသည်။ ထို့အပြင် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို “စျေးကွက်ဝေစုဦးစားပေး” စနစ်မှ “အမြတ်အစွန်းဦးစားပေး” စနစ်သို့ စတင်ပြောင်းလဲလာကြပါသည်။

အရေအတွက်ထက် တန်ဖိုးအရည်အသွေး ကို ပိုမိုဦးစားပေးလာသည့် ဤအလှည့်အပြောင်းသည် လက်ရှိတွင် အဓိကလမ်းကြောင်းသစ် ဖြစ်လာနေပါသည်။ အဘယ်ကြောင့်ဆိုသော် အမြတ်အစွန်း နောက်ခံမရှိသော ရောင်းအားအရေအတွက်သည် မည်မျှပင်ကြည့်ကောင်းနေပါစေ အနှစ်သာရမရှိသော ကိန်းဂဏန်းကစားပွဲသက်သက်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် အစပိုင်းတွင် မေးခဲ့သော မေးခွန်းကို ပြန်ကောက်ရလျှင် ကားထုတ်လုပ်ရေးကုမ္ပဏီများ အမြတ်မရခြင်းမှာ ‘ကြားဖြတ် အမြတ်လုယူတာ’ ခံရခြင်းထက် ဤပြင်းထန်လှသော ဖိအားစမ်းသပ်မှုအောက်တွင် ၎င်းတို့ကိုယ်ပိုင် အမြတ်ရှာဖွေနိုင်စွမ်းနှင့် စျေးနှုန်းညှိနှိုင်းနိုင်စွမ်းအပိုင်းက အားနည်းချက်များ ပေါ်လွင်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုရပါမည်။

ရေရှည်ရှုထောင့်မှကြည့်လျှင် ကျန်းမာကြံ့ခိုင်သော စက်မှုလုပ်ငန်းတစ်ခုဆိုသည်မှာ ကုမ္ပဏီအနည်းငယ်ကသာ လုပ်ငန်းတစ်ခုလုံး၏ အကျိုးအမြတ်ကို စုပ်ယူသွားခြင်းမျိုး မဟုတ်ဘဲ ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးရှိ ကုန်ကြမ်းပံ့ပိုးသည့် လုပ်ငန်းများနှင့် အပြီးသတ်ထုတ်လုပ်သည့် လုပ်ငန်းများအားလုံး အတူတကွ အောင်မြင်မှုရရှိကာ ပိုမိုကြီးပွားအောင် ပူးပေါင်းလုပ်ဆောင်ခြင်းအပေါ်တွင်သာ မူတည်နေပါသည်။

နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုများ ရရှိလာပြီး ကုန်ကျစရိတ်များ ကျဆင်းသွားသည့်အခါ ဈေးကွက်သည် အလိုအလျောက် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကာ ဘက်ထရီကုမ္ပဏီများနှင့် ကားအပြီးသတ်ထုတ်လုပ်သည့် ကုမ္ပဏီများအားလုံး ပိုမိုကြီးမားသော အမြတ်အစွန်းများကို ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိ တရုတ်မော်တော်ကားစက်မှုလုပ်ငန်းအတွက် အဓိကအာရုံစိုက်ရမည့် ပြဿနာမှာ “မည်သူက မည်သူ့ဆီက ဘယ်လိုအမြတ်ရသွားလဲ” ဆိုသည်ထက် “အားလုံး အတူတကွ အကျိုးအမြတ် ဖြစ်ထွန်းအောင် မည်သို့လုပ်ဆောင်ကြမည်နည်း” ဆိုသည့်အချက်သာ ဖြစ်ပါတော့သည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News